Friday, 5 August 2011

မေးမြန်းသူ -ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ နှင့် ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)တို့၏ ဆွေးနွေးခန်း အမေးအဖြေ (၃)

နောက်ဆုံးမေးခွန်းမှာ အဖြေက မပြတ်ခဲ့လို့ဒီမှာပဲ ပြန်ဆက်လိုက်ပါတယ်..

ဆရာတော်နဲ့ ၀စ်လဆင်ဟာ ဘာသာရေးမှာ အပြန်အလှန် ဆွေးနွေးနှီးနှောဖလှယ်နေခြင်းထက် ဆရာတော်က အရှေ့ကရွတ်ပြတာကို ၀စ်လဆင်က လိုက်လံ ခေါင်းညိတ်ပြီး ဆရာတော်ရဲ့ အလိုတော်အတိုင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ထောက်ခံသည်ချည်း ဖြစ်နေတာ တွေ့ရမှာပါ။

ဆရာတော်။ ဒါဖြင့် ဒကာကြီးတို့ရဲ့ ခရစ်ယာန်ဘာသာမှာ လျှို့ဝှက်တဲ့ အမှန်တရားများပါဝင်လျက်ရှိတယ်ပေါ့။ ဒါဖြင့်ရင် ခရစ်ယာန်ဘာသာတရားတော်ဟာမပြည့်စုံသေးဘူးလို့ ဆိုရပေလိမ့်မယ်။ ယခုတိုင် ခရစ်ယာန်ဘာသာတရား နဲ့ ဆိုင်ရာ တရားအချို့ဟာ မှောင်ထဲမှာပဲ ရှိနေသေးတယ်ပေါ့။ ဟုတ်သလား ဒကာကြီး။

ဝစ်လဆင်။ တပည့်တော်မှာ အခြားအဖြေပေးစရာမရှိလေတော့ ဟုတ်ပါတယ်လို့ပဲ ဝန်ခံရမှာပဲ ဆရာတော်။

ဆရာတော်ကလည်း တစ်ဖက်သတ်စွပ်စွဲသလို ၀စ်လဆင်ကလည်း ကျေကျေနပ်နပ်ကို လက်ခံသဘောတွေ့နေကြပါတယ်...

ဘာဖြစ်လို့ ခရစ်ယာန်ဘာသာတရားက အမှောင်ထဲမှာ ရှိနေရမှာလဲ.. ခရစ်တော်ဟာ အလင်းဖြစ်တဲ့အကြောင်း၊ သူ့နောက်ကို လိုက်သူတွေဟာ အမှောင်ထဲမှာ မသွားမလာ အလင်းထဲမှာ ရှိနေတယ်ဆိုတာ ကျမ်းစာထဲမှာ ခရစ်တော်ကိုယ်တိုင် ပြောခဲ့ပါတယ်..

ရှင်ယောဟန် ၈း ၁၂ ``တဖန်တုံယေရှုက ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏ အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။

ခရစ်တော်ကို ဘုရားသခင်ရဲ့သားတော်၊ ကယ်တင်ရှင်အဖြစ်ယုံကြည်ကိုးကွယ်နေသူ၊ ဘုန်းတော်ကြီးအဖြစ်သာသနာပြုနေသူ မှန်နေရင်.. ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကျမ်းစာနဲ့ အဖြေပေးသင့်တာကို မပေးခဲ့ဘဲ.. ဗုဒ္ဓဆရာတော်မေးသမျှကိုသာ ထောက်ခံခဲ့ပါတယ်.. .. လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ခရစ်တော်ကို ဘာပြစ်မှုမှ မကျူးလွန်ဘဲ အမှန်တရားကို ပြောခဲ့လို့ ရက်ရက်စက်စက်သတ်ခဲ့သလို အခုလည်း ဆရာတော်နဲ့ ၀စ်လဆင်တို့နှစ်ဦးပေါင်းပြီး ခရစ်တော်ကို သတ်ကြပြန်တယ်.. ဒါပေမယ့် ဆိတ်ကွယ်ရာမှာ ရှိသမျှအားလုံးပေါ်မှာပါပဲ... မဟုတ်တာ မတရားတာလုပ်ရင် တစ်နပ်စာပဲ ရမှာပါ.. ကိုယ့်သမိုင်းတစ်လျှောက်မှာတော့ အမည်းစက်ကြီးကို ပိုက်ထွေးသွားရမှာပါ...

ဆရာတော်။ ခရစ်တော်ရဲ့ ဒီ(၁၈)နှစ်လုံးလုံး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ဘဝကို အမေရိကတိုက် ချီကာဂိုမြို့က ကမ္ဘာကျော်ခရီးလှည့်လည်သူ သုတေသနပုဂ္ဂိုလ် ပါမောက္ခ ဂိုးရစ်(ခ်)ရဲ့ မှတ်တမ်းအရ ဦးပဉ္ဇင်း ယခု ရှင်းလင်းပြပါ့မယ်။ ဒကာကြီး ဂရုစိုက်ပြီး နားထောင်စေချင်ပါတယ်။ (ခရစ်တော်အကြောင်းဆိုလို့ ကျမ်းစာထဲမှာ ပါသလောက်လေးကိုတောင် တစ်ခေါက်ပြည့်အောင် မဖတ်လောက်ဖူးလို့ထင်ရတဲ့ ဆရာတော်ဟာ ပါမောက္ခဂိုးရစ်ရဲ့ မှတ်တမ်းကိုတော့ စိတ်ဝင်တစားလေးရှိရှာတာ ၀မ်းပဲသာရမလိုလိုပါပဲ)ပါမောက္ခ ဂိုးရစ်(ခ်)ဟာ တိဘက်ပြည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှ ခရစ်တော်ကိုယ်တိုင် ဟေဗြဲဘာသာနဲ့ ရေးသားထားတဲ့မှတ်စုကို ရခဲ့ပြီး ၁၉၂၅ခုနှစ်က "ခရစ်တော်၏ မသိသေးသော သွန်သင်ဟောပြောချက်များ" (The untold teachings of the Christ by Prof. Goldricke 1925) ဆိုတဲ့ နာမည်နဲ့ စာအုပ်တအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ ခရစ်ယာန်ဘာသာကို အလွန်သက်ဝင်ယုံကြည်တဲ့ ပါမောက္ခ ဂိုးရစ်(ခ်)ဟာ (၁၈)နှစ်လုံးလုံး ခရစ်တော် ဒီလိုနစ်မြုပ်ကွယ်ပျောက်နေတဲ့အကြောင်းကို အလွန်သိလိုလှလို့ အမေရိက မှာရှိတဲ့ ခရစ်ယာန်ဘာသာဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့ကို မေးမြန်းကြည့်တယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူက မှ သူ့ကိုရှင်းလင်းမပြောနိုင်ခဲ့ဘူး။ (မိဘနဲ့အတူရှိနေတဲ့ပြီး မိသားစုနဲ့အတူရှိနေခဲ့ပြီး စကားနားထောင်လျက်နေခဲ့တယ်လို့ ကျမ်းစာထဲမှာ ဖော်ပြခဲ့ပြီးသားပါ။ ဘာမှ မလုပ်ဘဲ လုပ်ပါတယ်လို့ ပြောရမလိုဖြစ်နေပြီ) ဒါနဲ့ပဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူကိုယ်တိုင် သုတေသနလုပ်ငန်း ထွက်လုပ်တယ်။ ဒီလို ဘယ်သလီဟန်၊ ဂျေရုဆလင်၊ ကိုင်ရို၊ တူရကီ၊ အိန္ဒိယနဲ့ တိဘက်ပြည်တွေမှာ အားတက်သရော ကြိုးပမ်းပြီး လိုက်လံ စုံစမ်းတော့ နောက်ဆုံး တိဘက်ပြည်တောင်ပိုင်းမွန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် မဟာထေရ်မြတ် ကို ခရစ်တော်ကိုယ်တိုင် စာရွက်ပေါင်း (၁၀၀)ပေါ်မှာ သူကိုယ်တိုင် ဒီ(၁၈)နှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေကို မှတ်တမ်းတင်ပြီး ကြိုးနဲ့ ကျကျနန ချည်နှောင်ကာ သူ့ကို တရားဓမ္မများ ဟောပြောသွန်သင်တဲ့အနေနဲ့ ကန်တော့ခဲ့တဲ့ မှတ်တမ်းကို ရခဲ့တယ်။ အဲဒီမှတ်တမ်းထဲမှာ ခရစ်တော်ကိုယ်တိုင် အောက်ပါအတိုင်း ရေးသားထားတာ ကို တွေ့ရှိရတယ်လို့ ဂိုးရစ်(ခ်)က ရေးသားပြတယ်။

"ကျွန်ုပ်အား အသက်(၁၂)နှစ်အရွယ်သို့ရောက်သောအခါ ရေဟူဒီလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ ရေဟူဒီဘုန်း တော်ကြီးကျောင်းသို့ နွေဦးရာသီပွဲတော်အတွင်း ခေါ်သွားကြပါသည်။ ထိုရေဟူဒီကျောင်း၌ ရေဟူဒီဆရာတော်ကြီးများ သည် ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း၊ သူ၏ကရုဏာ၊ သူ၏ဒေါသအမျက်၊ သူ၏တရားမှန်ကန်ခြင်း စသည့် တရား တို့ကို ဆွေးနွေးနှီးနှောနေကြ၏။ ကျွန်ုပ်အဘိုး၏ အရှိန်အဝါဖြင့် ကျွန်ုပ်သည် ရေဟူဒီဘုန်းတော်ကြီးများအား ကျွန်ုပ် မသိနားမလည်သည့် အချက်တို့ကို ဝင်၍ မေးမြန်းခွင့်ရရှိခဲ့၏။ (ကျမ်းစာထဲမှာတော့ ခရစ်တော်ရဲ့ အဘိုးယာကုပ်ကို သူ့ရဲ့ ဆွေစဉ်မျိုးဆက်စာရင်းထဲမှာကလွဲရင် အရှိန်အ၀ါဘယ်လောက်ကြီးတယ်ရယ် မပါပါဘူး)

ကျွန်ုပ် ပထမဦးဆုံး မေးမြန်းသည့် မေးခွန်းကား -

"ယေဟိုးဝါသည် အချို့ကို လူချမ်းသာ၊ အချို့ကို လူဆင်းရဲ၊ အချို့ကို ပညာရှိ၊ အချို့ကို လူ့အန္ဓ၊ အချို့ကို လူကောင်း၊ အချို့ကို လူယုတ်မာ၊ အချို့ကို ရုပ်ရည်အလှအပ၊ အချို့ကို အရုပ်ဆိုးအကြည့်တန်၊ အချို့ကို အသက်ရှည်ရှည်၊ အချို့ကို အသက်တိုတို၊ အချို့ကို မျက်စိအကောင်း၊ အချို့ကို မျက်စိမမြင်၊ အချို့ကို ကျန်းကျန်းမာမာ၊ အချို့ကို ရောဂါသည်၊ အချို့ကို အားအင်အကောင်း၊ အချို့ကို အားအင်အချည့်အနဲ့ အစရှိသည်ဖြင့် လူအချင်းချင်း ကွဲပြား ခြားနားစွာ အဘယ်ကြောင့် ဖန်ဆင်းထားပါသလဲ" ဟု ဖြစ်၏။

ထိုအခါ ရေဟူဒီဘုန်းတော်ကြီးများနှင့် ပရိဿတ်အားလုံးသည် အံ့အားသင့်သွားကြ၍ ကျွန်ုပ်၏မေးခွန်းကို မဖြေနိုင် ကြသဖြင့် -

"အို သူငယ်၊ ဤအချက်ကို ယေဟိုးဝါသာလျှင် သိနိုင်သည်" ဟု ရေဟူဒီဘုန်းတော်ကြီးများက ပြန်ပြောကြ၏။

ဒီနေရာမှာ နည်းနည်းပြောချင်တာက ခရစ်တော်ဟာ ခမည်းတော်ရဲ့ရင်ခွင်ထဲက တစ်ပါးတည်းသော သားဖြစ်တဲ့အတွက် ခမည်းတော်သိသမျှ သူသိတယ်.. သူမေးခွန်းမေးပြီး ဆွေးနွေးတယ်ဆိုတာ.. ကျမ်းတတ်ဆရာတွေရဲ့ မပြည့်ဝသေးတဲ့ အယူအဆတွေကို ပြုပြင်ထောက်ပြတဲ့အနေနဲ့ ကျမ်းတတ်ဆရာတွေကြားထဲမှာ ၀င်ရောက်ဆွေးနွေးခဲ့တဲ့သဘောပါ.. အဲဒီအတွက်လည်း ကျမ်းစာအထောက်အထားရှိပါတယ်...

(ဒါပေမယ့်.. ဒီမေးခွန်းကို လုပ်ကြံခဲ့တဲ့ ဆရာတော်နဲ့ ၀စ်လဆင်တို့ဟာ ဒီမေးခွန်းကို သိချင်နေပုံရလို့ ကျွန်မပဲ ခရစ်ယာန်တစ်ယောက်အနေနဲ့ သွန်သင်ခံရမှုကို ရှင်းပြပေးပါ့မယ်...

ကျမ်းစားထဲမှာ ဖော်ပြထားတဲ့အရဆိုရင် ဘုရားက ဖန်ဆင်းခဲ့တုန်းက အာဒံနဲ့ဧ၀သိပ်လှတဲ့ ဧဒင်ဥယျာဉ်မှာ နေခဲ့ရတာပဲလေ.. ဘုရားပေးထားတဲ့ မွေးရာပါ ဦးနှောက်နဲ့ နှလုံးသားတွေကို ကောင်းကောင်းအသုံးမချခဲ့လို့ ဥယျာဉ်ထဲက နှင်ထုတ်ခံရတယ်.. မွေးရာပါ ဘုရားပေးထားတဲ့ အစွမ်းအစတွေကို ကောင်းကောင်းအသုံးမချနိုင်လို့၊ အသုံးချခွင့်မရှိကြတာလဲ ပါမယ်.. ဆင်းရဲ၊ ချမ်းသာ၊ ပညာရှိ၊ ပညာမဲ့၊ ရုပ်ရည်၊ ကိုယ်လက်အင်္ဂါပြည့်စုံ၊ မပြည့်စုံ အားလုံးက ဘုရားပေးတုန်းက အကောင်းပါပဲ.. လူတွေက လူပီပီသသအသုံးမချရင် အဲဒီလိုပဲ ကွာခြားသွားရမှာပဲလေ.. ဘုရားကတော့ ခံစားခွင့်၊ စံစားခွင့်တွေပေးထားတယ်... ကိုယ်ပိုင်စဉ်းစားခွင့်၊ ရွေးချယ်ခွင့်တွေပေးထားပါလျက် ကောင်းကောင်းအသုံးချမချကိုယ့်အပေါ်မှာပဲ မူတည်တယ်.. လတ်တလောအခြေအနေကိုပဲ ကြည့်လိုက်ရင်လဲ.. သိပ်ကို ယဉ်ကျေးလာပါပီဆိုတဲ့ လူသားတွေ ခုချိန်ထိ ဦးနှောက်ရှိပေမယ့် မစဉ်းစားဘူး၊ နှလုံးသားပါပေမယ့် မေတ္တာတရားမထား ကြတော့ သူတို့နဲ့ ဆက်နွယ်ရာလူတွေ ဒုက္ခရောက်ရတာပဲ..ထူးဆန်းတာတစ်ခုက ဘယ်လောက်ပဲ ဒုက္ခတွင်းထဲရောက်နေပါစေ.. လူတွေဟာ ကိုယ့်အသက်ကိုယ်တော့ တန်ဖိုးထားနေကြတာပဲ.. အမှန်တော့ လူမှာ ဘုရားပေးထားတဲ့ ငွေနဲ့ဝယ်စရာမလိုပါဘဲ ဦးနှောက်ကြီး ပိုင်ဆိုင်ထားပါလျက်နဲ့ လူပီသအောင် မနေချင်ဘဲ တိရိစ္ဆာန်သာသာလောက်ပဲ ပြုမူချင်တာမကောင်းပါဘူး.. ဘုရားက ကျွန်မတို့တွေကို လူအဖြစ်ဖန်ဆင်းခဲ့တာပါ.. လူလိုစဉ်းစားပြီး လူလိုနေထိုင်ကျင့်ကြံဖို့က ကိုယ့်တာဝန်ပါလို့..ဒါကတော့ ခရစ်ယာန်တစ်ယောက်အနေနဲ့ ဒီလိုပဲ သွန်သင်ခံရပါတယ်.. )

တဖန် ကျွန်ုပ်က -

"ယေဟိုးဝါသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ သုံးပါးသောကာလတို့ကို သိပါလျက်နှင့် အဘယ့်ကြောင့် ငရဲဘုံကို ဖန်ဆင်းခဲ့ပါသနည်း" ဟု မေးမြန်းပါသည်။

ထိုအခါ ရေဟူဒီဆရာတော်များက -

"ယုတ်မာညစ်ညမ်းသူတို့ကို အပြစ်ဒဏ်ပေးရန် ငရဲဘုံကို ဖန်ဆင်းခဲ့သည်" ဟု ပြန်ဖြေ၏။

(အပေါ်မှာပြောခဲ့ပြီးသလိုပါပဲ ... ဒီလိုမဟုတ်မကမေးခွန်းကို ခရစ်တော်ကတော့ မေးမှာမဟုတ်တာသေချာတယ်.. ဆရာတော်နဲ့ ၀စ်လဆင်တို့က ခရစ်ယာန်တွေကို မေးချင်နေတဲ့ မေးခွန်းမို့သာ ဒီလို လုပ်ကြံထည့်သွင်းတယ်လို့ ထင်မြင်ယူဆမိလို့.. ကျွန်မပဲ ကိုယ်သိမှတ်သလောက် ဖြေပေးပါမယ.်..

ဘုရားက ဖန်ဆင်းပေးခဲ့တာ.. လူနဲ့ သူနေထိုင်ရမယ့် ကမ္ဘာစကြာဝဠာကြီး.. ဘယ်လိုနေထိုင်ရမယ်.. ဘယ်လိုစားရမယ်.. ဘာကတော့ကောင်းတယ်.. ဘာကတော့မကောင်းဘူး.. စသဖြင့်လူတစ်ယောက်ကောင်းမွန်စွာ၊ လူပီသစွာနေထိုင်ဖို့ အရာရာဖန်ဆင်းပေးထားပြီးသားပါ.. လူတွေကို ဖန်ဆင်းခဲ့တာ အဲဒီလူရဲ့လွတ်လပ်တဲ့ရွေးချယ်မှု၊ သူ့ကိုယ်ပိုင်ဦးနှောက်နဲ့ သူ့ဘ၀သူဖန်တီးနိုင်ဖို့ လွတ်လပ်မှုနဲ့ ကောင်းစွာအသုံးမချရင် ထိုက်တန်တဲ့နာကျင်ခံစားမှုပြစ်ဒဏ်တွေကို တွဲပေးပြီး လူအဖြစ်ဖန်ဆင်းခဲ့တာဖြစ်လို့... လူရယ်လို့ဖြစ်လာရင်တော့.. ဘုရားက ဦးနှောက်နဲ့နှလုံးသားပဲပေးထားမယ်.. ကောင်းကောင်းအသုံးမချရင် ကိုယ်ပဲခံစားရမယ်.. ဒါဟာ ငရဲကို ဖန်ဆင်းပေးတာမဟုတ်ဘူး.. လူတွေကို လူတွေလို နေစေချင်လို့ လွတ်လပ်ခွင့်နဲ့တကွ၊ အကျိုးအပြစ်ကိုလည်း ခံစားခွင့်ပေးခဲ့တယ်.. ကိုယ်ဒုက္ခရောက်တိုင်း ဘုရားက ဖန်ဆင်းလို့ ဆိုပြီး အပြစ်မတင်ပါနဲ့.. သူကလမ်းမှားမရောက်အောင် အနားမှာ အမြဲတမ်း တည့်မတ်ပေးနေတဲ့သူပါ.. ကိုယ်ကနားထောင်ဖို့ပဲလိုတာပါ.. အဲဒါဟာ ဆင်ခြင်နိုင်တဲ့ဥာဏ်လို့ခေါ်သလို (သန့်ရှင်းသောဝိဥာဏ်တော်)လို့လည်း ခေါ်ကြပါတယ်.. ဒုက္ခတွေကနေ လွတ်မြောက်အောင်မဆုတ်မနစ်ကြိုးစားမယ်ဆိုရင် အသီးအပွင့်တွေက တသီတတန်းကြီး ပြန်လိုက်လာမှာပါ.. လောကကြီးက ငရဲမဟုတ်တော့ဘဲ နေပျော်သွားမှာပါ.. ..)

ထိုနောက်တဖန် -

"ယေဟိုးဝါသည် သူ၏ဖန်ဆင်းမှုဆိုင်ရာ အနာဂတ်ကာလ၏သဘောကို သိမြင်ပါလျက်နှင့် အဘယ့်ကြောင့် ယုတ်မာ ညစ်ညမ်းသူတို့ကို ဖန်ဆင်းရပါသနည်း" ဟု ကျွန်ုပ်က ထပ်၍မေးလိုက်ပြန်သည်။ ထိုအခါ အားလုံးသော ရေဟူဒီဘုန်း တော်ကြီးများသည် မည်သို့မျှ မဖြေနိုင်ကြတော့ဘဲ ကျွန်ုပ်အား သူတို့အားလုံး၏ ဂိုဏ်းချုပ်အဖြစ် ရွေးကောက် တင်မြှောက်ကြ၏ ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်၏ မြင့်မြတ်သည့် ရာထူးအရှိန်ကို အသုံးပြုလျက် နှင်တံတချောင်းကို ယူကာ ဘုရားတန်ဆောင်းထဲ၌ သူတို့လုယက်တိုက်ခိုက်၍ရသော ပစ္စည်းတို့ကို ရောင်းချနေကြသူများအား နှင်တံနှင့် ရိုက်ပြီး -

"ဤနေရာကား ယေဟိုးဝါ ဘုရားတန်ဆောင်းဖြစ်သည်။ အသင်တို့အတွက် ဈေးရောင်းစရာ နေရာမဟုတ်" ဟုဆိုကာ နှင်ထုတ်ပစ်လိုက်၏။ ယေဟိုးဝါ၏တရားကား ရှက်ဖွယ်ဖြစ်နေကြောင်း၊ အခြေအမြစ်မရှိကြောင်းကို သိမြင်လာသော ကျွန်ုပ်သည် အလွန်မြင့် မြတ်သည့် ဂုဏ်ထူး၊ နေရာထူးတို့ကို ရနေသည့်တိုင်အောင် ဤမဟုတ်မမှန်သောစကားကိုရွံရှာမုန်းတီး၍ 'အမှန်တရား' ကို မတွေ့တွေ့အောင်ရှာကြံမည်ဟု သန္နိဋ္ဌာန်ချလိုက်၏။

ဒီနေရာမှာတော့ သိပ်ကို လွဲမှာသွားခဲ့ပါပြီ.. ခရစ်တော်က အဲဒီလို ဗိမာန်တော်ထဲမှာ ဈေးရောင်းတာကို ဒေါသတကြီးနှင်ထုတ်ခဲ့တာ.. ၁၂နှစ်အရွယ်မှာမဟုတ်ပါဘူး.. သူ့အသက် ၃၀ ပြည့်ပြီးလို့ တရားဒေသနာစတင်ဟောကြားတဲ့အချိန်ကျမှ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ပါ.... ခရစ်တော်ရဲ့ အသက် ၁၂နှစ်က ဖြစ်ရပ်နဲ့ ၃၀က ဖြစ်ရပ်နှစ်ခုကို အဓိပါယ်မရှိစွာ ပေါင်းစပ်ထားလို့ အချက်အလက်တွေက သိပ်ကို လွဲမှားနေပါတယ်.. ရှင်လုကာ ၂း ၄၁ - ၅၂ ကို ဒုတိယပို့စ်မှာ အကျယ်ဖော်ပြခဲ့ပြီးပါပြိ.. ခရစ်တော် အသက်၁၂နှစ်အရွယ် ဗိမာန်တော်မှာ ကျမ်းတတ်ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးနေခဲ့တဲ့အကြောင်း၊ နောက်ပြီး ကျမ်းစာထဲမှာ ဖော်ပြတာက ``သူ၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ပညာကို၎င်း၊ သူ၏စကားအဖြေကို၎င်း အံ့သြကြ၏။´´ လို့ ပဲ ပြောထားပါတယ်.. ဒါကို ကြည့်ခြင်းအားဖြင့် ခရစ်တော်က မေးခွန်းသာ မေးပြီး အဖြေမရခဲ့လို့ စိတ်ပျက်ပြီး ဘုရားသခင်ရဲ့ ဆုံးမမှုတွေဟာ အခြေအမြစ်မရှိဘူးလို့ လုံးဝ မပြောခဲ့တဲ့အပြင် သူကိုယ်တိုင် ပညာသားပါပါအဖြေတွေ ပေးခဲ့တယ်.ဆိုတာ ကွက်ကွက်ကွင်းကွင်းကြီးတွေ့ရမှာပါ... အရင်ပို့စ်တွေမှာ ဖော်ပြခဲ့ပြီးသလို သူကိုယ်တိုင်ဟာ အမှန်တရားဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာတို့ရဲ့ အယူဝါဒနဲ့ ယှဉ်ပြီး အမှန်တရားသွားရှာဖို့မယ်ဆိုပြီး ဇာတ်လမ်းဆင်ခြင်းသာဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်...

ခရစ်တော် တရားဒေသနာဟောခဲ့တဲ့ သုံးနှစ်ပတ်လုံး တရားဇရပ်ထဲမှာ ကျမ်းစာဖတ်တာ.. ဂျူးလူမျိုးတို့ကိုးကွယ်တဲ့ ဘုရားရဲ့နှုတ်ကပတ်တော်ဓမ္မဟောင်းကျမ်းစာပါ.. ရောက်လေရာအရပ်မှာ ကျမ်းစာရဲ့ အနက်အဓိပါယ်တွေကို ပုံဥပမာတွေနဲ့ ရှင်းပြခဲ့ပါတယ်.. ခရစ်တော်ရဲ့ အဖြစ်အပျက်တွေအားလုံးဟာလည်း အဲဒီကျမ်းစာကို ပြီးပြည့်စုံစေတယ်ဆိုတာ.. ကျမ်းဟောချက်နဲ့တကွ အဖြစ်အပျက်တွေကလည်း တစ်ထပ်ထဲကျခဲ့ပါတယ်.. ဓမ္မဟောင်းကျမ်းကို သူမပယ်ခဲ့ပါဘူး... မပြည့်စုံတာတွေကိုသာ ဖြည့်ပေးခဲ့တာပါ)

နောက်ဆုံးပိုင်းကျန်ပါသေးသည်...