Wednesday, 26 June 2013

ဆလိုင်းတင်မောင်ဦး (သို့) မုန်တိုင်းထဲက ကြယ်ဖြူပွင့်

ပြီးခဲ့တဲ့ မေလ ၂၈ ရက်ထုတ် စောင့်ကြည့်သတင်းဂျာနယ် (News Watch Weekly)ကို လှန်လှော ကြည့်ရင်း ``ဆလိုင်းတင်မောင်ဦး (သို့) မုန်တိုင်းကြားက ကြယ်ဖြူပွင့်´´ ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်လေး တွေ့လိုက်တော့ ရင်တွေ ဒုန်းကနဲ ခုန်သွားပြီး အငမ်းမရ ဖတ်ကြည့်လိုက်မိတယ်။ `ဆလိုင်း´ လို့ တွေ့လိုက်တာနဲ့တင် စိတ်ထဲမှာ သိချင်စိတ်တွေက တဖွားဖွားဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ လူတစ်ယောက်အကြောင်း၊ မဟုတ်ဘူး၊ အရှိုသူရဲကောင်းတစ်ယောက်အကြောင်းကို သိချင်စိတ်ဖြစ်နေတာ မကြာသေးဘူး။ အရေးထဲ သူ့နာမည်ကို မေ့နေတော့ ဘယ်က ဘယ်လို အစရှာရမှန်းမသိပေမယ့် အဲဒီဆန္ဒက ပြီးခဲ့တဲ့ တစ်လကျော်လောက်က စပြီး ကိန်းအောင်းနေခဲ့တယ်။ 

၂၀၁၃ခုနှစ် မေလ ၁၈ရက်နေ့က ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ဒေသဆိုင်ရာဆွေးနွေးပွဲအတွက် လားရှိုးကို ဆရာမ ဟောင်းစိုင်းနဲ့ ကျမလိုက်သွားခဲ့တယ်။ အဲဒီဆွေးနွေးပွဲကို တောင်ကြီး NLD က အဘဦးကျော်ခင်လည်း တက်ရောက်ခဲ့ပါတယ်။ စရောက်တဲ့နေ့ နေ့လည်ပိုင်းရောက်တော့ အဘဦးကျော်ခင် ဆီက ဖုန်းဝင်လာတယ်။ `ဆရာမတို့နဲ့ မိတ်ဆက်ပေးဖို့ ဧည့်သည်တွေ ရောက်နေတယ်´ ဆိုလို့ တည်းခိုခန်းရဲ့ အောက်ထပ်ကို ကျမတို့ ဆင်းခဲ့ပါတယ်။ အမှန်ကတော့ အဘဦးကျော်ခင်က ဆရာမ ဟောင်းစိုင်းကို သူ့ရဲ့ လားရှိုး NLD အဖွဲ့ဝင်တွေနဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ကျမက အဖော်အနေနဲ့ လိုက်သွား ခဲ့တာပါ။ ညနေစာကို သူတို့က ဧည့်ခံမယ်ဆိုပြီ ညနေ ၆နာရီလောက် သူတို့ လာခေါ်မယ့်အကြောင်းပြောပြီး ပန်သွားကြတယ်။ ညနေရောက်တော့ ဆိုင်သွားကြပြီး စားကြ၊ သောက်ကြတယ်။ အဲဒီအချိန်မှာ လားရှိုး NLD အဖွဲ့ဝင်လည်း ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖစ်တဲ့ အန်ကယ်ဦးမြင့်အောင်က ကျမချင်းမှန်းသိသွားတော့ `ဟ.. ချင်းတွေက သရဲကောင်း(သူရဲကောင်း)တွေပဲ၊ ဆလိုင်းတင်မောင်ဦးကို သိလား´´ လို့ ကျမကို မေးလိုက်တယ်။ `မသိဘူး. ကျမက အရှိုချင်းပါ´ လို့ပြောတော့ `သူလည်း အရှိုပဲလေ၊ ချင်းတွေက သူရဲကောင်းတွေဗျ၊ အာဇာနည်တွေ´ လို့ပြောခဲ့တယ်။ ဆလိုင်းတင်မောင်ဦးဟာ အရှိုချင်း သူရဲကောင်းတစ်ယောက်ဖြစ်တဲ့အကြောင်း၊ ကျောင်းသားအရေးအခင်းတွေမှာ ဦးဆောင်ခဲ့တဲ့ ကျောင်းသား ခါင်းဆောင်တွေ အဖမ်းခံရတဲ့အချိန်မှာ သူကတော့ ကြိုးပေးခံခဲ့ရကြောင်း ပြောပြခဲ့တယ်။ 

ဆလိုင်းတင်မောင်ဦးအကြောင်းကို ဒီထက်ပိုပြီး သိလိုစိတ်တွေ ရှိခဲ့ပေမယ့် သူ့အကြောင်းကို ဘယ်သူ့သွားမေးရမှန်းလည်း မသိဘူး။ အဲဒီလို ကိုယ့်ရဲ့ အရှိုချင်းသူရဲကောင်းတွေအကြောင်း အပူတပြင်းနဲ့ ပိုပြီး သိချင်လာအောင် နှိုးဆွပေးတဲ့ အခြားအကြောင်းရင်းကြီးတစ်ခု ရှိသေးတယ်။ အဲဒီခံစားချက်ကို ကျမဘယ်တော့မှလည်း မေ့ပျောက်လို့ရမှာမဟုတ်ပါဘူး။ 

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က အရှိုချင်းစာပေယဉ်ကျေးမှုကော်မတီ အစည်းအဝေးသွားတက်တော့ အပြန်မှာ အဘိုးလေး (ဆမိုအောင်စော) ဆီက အရှိုချင်းသမိုင်းစာအုပ် နှစ်အုပ် ရလာခဲ့တယ်။ အဲဒီသမိုင်း စာအုပ်တွေက အရမ်းရှားသလို ဘယ်တုန်းကမှလည်း မမြင်ဖူးခဲ့ဘူး။ ဒါနဲ့ပဲ အိမ်ပြန်ရောက်ရောက်ချင်း အဲဒီ  ၂အုပ်လုံးကို တစ်ထိုင်တည်း ဖတ်ပစ်လိုက်တယ်။ အရှိုလူမျိုးစုတွေ ဘယ်က ဆင်းသက်လာတယ်၊ အမည်တွေကို ဘယ်လို ဘယ်ပုံပေးကြတယ် စသဖြင့် ကိုယ်လည်း ဖတ်ရင်း သူငယ်ချင်းတွေကိုလည်း ကြွာရင်း (အဲလေ. ကြွားတာမဟုတ်ပါဘူး) ပြောပြရင်းနဲ့ နောက်တော့ ပျူစောထီးအကြောင်းပါလာပါရော။ ကျမတို့ရဲ့ အရှိုသမိုင်းထဲမှာ ပျူစောထီးက ပျူလူမျိုးမဟုတ်၊ ပျူအဖိုးအို၊ အမယ်အိုအိမ်မှာ အကြာကြီးနေခဲ့လို့ ဗမာလို ပျူစောထီးဖြစ်ရတာပါ။ အရှိုလိုဆိုရင် (ခစိုင်းလှံလှတ်)ပါလို့လည်း သူငယ်ချင်းတွေကို ပြောပြရော သူတို့က ၀ိုင်းနှက်ကြပါလေရော။ အေး. ငါတို့ မွန်တွေကလည်း ပျူစောထီးက မွန်လို့ပြောတယ်။ ဗမာတွေကလည်း ပျူတွေက ဗမာလို့ ပြောတယ်။ ကရင်သမိုင်းမှာလည်း ဒီလိုပဲ။ မင်းတို့မှာ သက်သေဘာရှိတုန်းလို့လည်း မေးရော ကိုယ်လည်း ဆွံ့အသွားရောလေ။ ဟုတ်လည်း ဟုတ်ပါတယ်။ အဲဒီသမိုင်းစာအုပ်မှာ အညွှန်း၊ ကိုးကားတဲ့စာအုပ်တွေ မတွေ့ခဲ့ရဘူး။ နောက်ပြီး ကျမတို့ အရှိုချင်းစာက လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်လောက် ကမှ စပြီး ပေါ်လာခဲ့ရတာ။ ပျူစာပြန်လေ့လာရအောင် ကိုယ့်လက်ရှိအရှိစာကိုတောင် လယ်လယ်ဝယ်ဝယ် မဖတ်နိုင်တော့ ခက်ရော။ ပြန်ချေစရာမရှိတဲ့နောက်ဆုံး ကျမလည်း ဟိုးလွန်ခဲ့တဲ့ ၅ နှစ်လောက်က တောင်ပေါ်ချင်းသူငယ်ချင်းတစ်ယောက် ပြောတာကို ပြန်မေးလိုက်ပါတယ်။ ပျူလူမျိုးတွေ နာမည်မှဲ့တာ ငါတို့ချင်းတွေနဲ့ တူတယ်ကွ၊ မင်းတို့ မွန်တွေ ဗမာတွေ ကရင်တွေမှာ ပျူလူမျိုးတွေ နာမည်မှဲ့သလို မှဲ့ကြသလား၊ ငါတို့က ငါတို့ အဘေးထိ ပျူတွေ နာမည်မှဲ့သလို မှဲ့တာလို့ ပြန်ပြောပလိုက်တယ်.း) အဲလို မေးတော့ သူတို့လည်း နည်းနည်းတော့ ဆွံ့သွားကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့လူမျိုးတွေက ချင်းတွေလို အဖေနာမည်ကို သားရဲ့နောက်ဆုံးနာမယ်အနေနဲ့ ချိတ်ပြီး မှဲ့ကြတာမဟုတ်ဘူးလေ။ ကျမရဲ့ အဘေးအထိက ပျူတွေနာမည်မှဲ့ခဲ့သလို သားနာမည်နဲ့ အဖေနာမည်ကို ချိတ်ပြီး မှဲ့ကြပါတယ်။ (ကျမအဘေး- ဒေနှောင်၊ နှောင်ဘွေး၊ ဘွေးခုံ၊ ခုံစိုင်း၊ စိုင်းဌေး၊ ဌေးလျှံ၊ လျှံဝါ၊ ၀ါမောင်၊ မောင်လျှင်း၊ လျှင်းထိုး၊ ကျမအဘိုးနဲ့ ကျမအဖေကတော့ မြန်မာနာမည်တွေပဲ မှဲ့ကြတော့တယ်။) ဒီလိုပြောခဲ့ပေမယ့် သူတို့က ကျမတို့ရဲ့ သမိုင်းကို လုံးဝ အယုံအကြည်မရှိကြဘူးလေ။ ဒါနဲ့ပဲ ကျမကလည်း အဲဒီသမိုင်းစာအုပ်ထဲက အစွမ်းထက်တဲ့ အရှိုဘိုးဘေးတွေအကြောင်း ထပ်ပြောပေးလိုက်တယ်။ :D အဲဒါမှ ပိုသာဆိုးသွားတော့တယ်။ အဲဒါတွေက သဘာဝမကျဘူး၊ ဒဏ္ဍာရီတွေ၊ ပုံပြင်တွေပဲလည်း ဆိုရော ကျမလည်း ငိုတောင် ငိုချင်သွားတယ်။  ဒီလိုသမိုင်းတွေက တကယ်မဟုတ် ဒဏ္ဍာရီသာဆို ငါကတော့ ငါ့မျိုးဆက်သစ်တွေကို ဒီအတိုင်း အမှားကြီးတွေ မသင်နိုင်ဘူး၊ မပြောနိုင်ဘူး။ ပျူလူမျိုးက ငါ့လူမျိုးပါလို့ ငါထပ်ပြောမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီထက်ကောင်းတဲ့သမိုင်းကို ငါကိုယ်တိုင်ပြန်ရေးမယ်လို့ ကြုံးဝါလိုက်တယ် (စိတ်နာနာနဲ့း)) အဲဒီအချိန်မှာပဲ ဆရာမ အစိုင်းက ကျမကို နှစ်သိမ့်ရှာပါတယ်။ ဒဏ္ဍာရီဆိုလည်း ငါတို့မှာတော့ ဒီလို ဒဏ္ဍာရီတွေ ရှိခဲ့တယ်လို့ သင်ပြပြောပြလို့ရပါတယ်။ Something is better than nothing. လို့ ပြောပါတယ်။ ဒါပေမယ့် ကျမတော့ ကိုယ့်ရဲ့ အရှိုချင်းသမိုင်းစာအုပ်ကို စဖတ်လိုက်ရတဲ့နေ့မှာပဲ စိတ်ဓာတ်ကျသွားပါတယ်. ဒီလိုပဲ ငါတို့ရဲ့ ဘိုးဘွားတွေက မှတ်တမ်းမှတ်ရာတွေ မချန်ခဲ့တော့ ငါတို့ ပြောတာတွေဟာ ဒဏ္ဍာရီဖြစ်သွားသလိုပဲ ငါတို့လည်း ငါတို့ဘ၀မှာ မှတ်တမ်းတွေ မလုပ်ရင် ငါတို့ရဲ့ နောင်သားစဉ်မြေးဆက်က ခုလိုပဲ ခံစားကြရမယ် လို့ မအစိုင်း ပြောခဲ့တယ်။ အဲဒီကတည်းက ကျမစိတ်ထဲမှာ တစ်ခုခုလုပ်တိုင်းလုပ်တိုင်း၊ ပြောတိုင်းပြောတိုင်း သက်သေအထောက်အထား ဆိုတာကို အမြဲ သတိပြုမိနေပါတယ်။ အဲဒါက ဆလိုင်းတင်မောင်ဦး (သို့) မုန်းတိုင်းထဲက ကြယ်ဖြူပွင့် ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်က ကျမရဲ့စိတ်ကို ဘာ့ကြောင့် အဲဒီလောက်ထိ ဆွဲဆောင်သွားသလဲဆိုတာလေးပါ။ ရေငတ်နေတုန်း ရေတွင်းထဲ ကျခဲ့သလိုပေါ့။ 

အဲဒီဆောင်းပါးထဲမှာ ဆောင်းပါးရှင်က သူအရမ်းသိချင်ဖတ်ချင်နေတဲ့ ဆလိုင်းတင်မောင်ဦး (သို့) အာရှရဲ့ မေ့လျော့နေတဲ့ သူရဲကောင်းတစ်ဦးဆိုတဲ့ စာအုပ်လေးကို ၀ယ်ခဲ့တဲ့အကြောင်း၊ ဆလိုင်းတင်မောင်ဦးက ၇၀ ခု ကျောင်းသားအရေး အခင်းတွေမှာ ထင်းထင်းကြီးပေါ်နေခဲ့တဲ့ ကြယ်ပွင်းကြီးပမာ မြင်ခဲ့ရတဲ့ အပြင်၊ သူတို့ဟာ စာအုပ်ခေါင်းစဉ်ထဲကလို ဆလိုင်းတင်မောင်ဦးကို မေ့လျော့နေခြင်းမဟုတ်ကြောင်း၊ အရေးအခင်းတွေမှာ သူမြင်ခဲ့ရလောက် ဆလိုင်းတင်မောင်ဦးရဲ့ အကြောင်းကို ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ မဆလခေတ်မှာ ဒီမိုကရေစီမပြောနဲ့ အရာရာမျက်စိပိတ်၊ နားပိတ်ခံထားရတဲ့အချိန်မှာ ဆလိုင်းတင်မောင်ဦးဟာ လူပေါင်းအထောင်အသောင်းကို ဦးဆောင်ခဲ့တဲ့သူ၊ ဦးသန့်အရေးအခင်း၊ မေဂျွန်အရေးအခင်းတွေမှာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး မှိုင်းရာပြည့်ပွဲမတိုင်ခင် ဖမ်းဆီးခံရပြီး ပထမဦးဆုံး ကြိုးပေးသတ်ခံခဲ့ရတဲ့ ကျောင်းသားအာဇာနည်တစ်ဦးဖြစ်ကြောင်း လွမ်းဆွတ်စရာကောင်းအောင် ရေးသားထားပါတယ်။  

ကျမက ချင်းဆိုပေမယ့် တကယ်တမ်းကျတော့ ကိုယ့်လူမျိုးသူရဲကောင်းတွေ အကြောင်းသိဖို့ နေနေသာသာ၊ အာဇာနည်တွေ ရှိ၊ မရှိတောင် မသိခဲ့ဘူး။ အရှိုချင်းဖြစ်ပြီး အရှိုချင်းစာ မတတ်ခဲ့ဘူး၊ ကိုယ့်စာပေ၊ ယဉ်ကျေးမှုကို တန်ဖိုးထားရကောင်းမှန်း မသိခဲ့ဘူး။ တန်ဖိုးထားဖို့ လိုအပ်တယ်ဆိုတာကို လမ်းညွှန်ပေးမယ့် ပညာရေးကို မရခဲ့ဘူး။ ကိုယ့်ရှေ့က ရဲရဲဝံ့ဝံ့နဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်တွေစတေးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေအကြောင်းမသိခဲ့ရ၊ မသင်ခဲ့ရဘူး။ သူတို့တွေဟာ ကျမတို့ မျိုးဆက်သစ်တွေရဲ့ စိတ်ဓာတ်မြှင့်တင်ရေး၊ နိုင်ငံသားကောင်း ပီသလာဖို့၊ လူတော်လူကောင်းတွေ ဖြစ်လာဖို့ အဓိက တွန်းအားတွေဆိုတာကို နားမလည်ခဲ့ဘူး။ ဘာတွေဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့၊ အရာရာဟာ နောက်ကျတယ်မရှိပါဘူးဆိုပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်ရပါတယ်. 

ခုချိန်ကစပြီး ကျမတို့ အရှိုတွေအနေနဲ့ ကိုယ့်လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုတွေကို လေးစားတန်ဖိုးထားတတ်ရုံမက သူတပါးရဲ့ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုတွေကိုလည်း အပြန်အလှန် လေးစားပြီး တန်ဖိုးထားပေးကြဖို့ နောင်မျိုးဆက်သစ်တွေအတွက် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ သမိုင်းကောင်း အသစ်အသစ်တွေကို ရေးထိုး မှတ်တမ်းတင်ခဲ့နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…

Sunday, 21 April 2013

သစ်ပင်အိုနဲ့ပန်းကလေး

ဒီပန်းလေးတစ်ပွင့် လှပစွာဖူးပွင့်လာဖို့
ရင်တထိတ်ထိတ်နဲ့ ဘယ်လောက်စောင့်ခဲ့ရလဲ
အဖူးလေးငုံထွက်လာချိန်ကတည်းက အရိပ်တကြည့်ကြည့်နဲ့
ဟော.. ပွင့်လာပြီ။

ကမ္ဘာပေါ်မှာ အလှဆုံးပန်းတစ်ပွင့်လို့တင်စားလိုက်မယ်
ရင်ထဲမှာအပျော်တွေစီးဆင်းနေလိုက်တာ
ပန်းကလေးရဲ့အလှတွေနဲ့အတူပေါ့

ပန်းကလေးသူ့အပင်ပေါ်မှာလန်းဆန်းခဲ့တယ်
သိပ်မကြာဘူး.. လေပြင်းတစ်ချက်ဝှေ့လိုက်ရုံ
ပန်းကလေးကြွေသွားတယ်...
နှမြောသသနဲ့သည်ပင်အိုမျက်ရည်တွေတွေကျပြီပေါ့။

ပန်းကလေးအရင်အတိုင်း သူ့အပင်ထက်မှာ ပြန်လှပနိုင်မလား
ပန်းကလေးပြန်လန်းဆန်းလာမယ်ဆိုရင် ဒီပင်အိုအသေခံလိုက်မယ်
ပန်းကလေးပြန်မလန်းဆန်းခဲ့ဘူး

ဒါပေမယ့် သစ်ပင်ကြီးကဇွဲမလျှော့ဘူး
ဒီပန်းကလေးအရင်ကအတိုင်းလှလှပပပြန်ဖူးပွင့်ဖို့ဆို
ခဏခဏ သေကြောင်းကြံတယ်။