Wednesday, 26 June 2013

ဆလိုင်းတင်မောင်ဦး (သို့) မုန်တိုင်းထဲက ကြယ်ဖြူပွင့်

ပြီးခဲ့တဲ့ မေလ ၂၈ ရက်ထုတ် စောင့်ကြည့်သတင်းဂျာနယ် (News Watch Weekly)ကို လှန်လှော ကြည့်ရင်း ``ဆလိုင်းတင်မောင်ဦး (သို့) မုန်တိုင်းကြားက ကြယ်ဖြူပွင့်´´ ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်လေး တွေ့လိုက်တော့ ရင်တွေ ဒုန်းကနဲ ခုန်သွားပြီး အငမ်းမရ ဖတ်ကြည့်လိုက်မိတယ်။ `ဆလိုင်း´ လို့ တွေ့လိုက်တာနဲ့တင် စိတ်ထဲမှာ သိချင်စိတ်တွေက တဖွားဖွားဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ လူတစ်ယောက်အကြောင်း၊ မဟုတ်ဘူး၊ အရှိုသူရဲကောင်းတစ်ယောက်အကြောင်းကို သိချင်စိတ်ဖြစ်နေတာ မကြာသေးဘူး။ အရေးထဲ သူ့နာမည်ကို မေ့နေတော့ ဘယ်က ဘယ်လို အစရှာရမှန်းမသိပေမယ့် အဲဒီဆန္ဒက ပြီးခဲ့တဲ့ တစ်လကျော်လောက်က စပြီး ကိန်းအောင်းနေခဲ့တယ်။ 

၂၀၁၃ခုနှစ် မေလ ၁၈ရက်နေ့က ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ဒေသဆိုင်ရာဆွေးနွေးပွဲအတွက် လားရှိုးကို ဆရာမ ဟောင်းစိုင်းနဲ့ ကျမလိုက်သွားခဲ့တယ်။ အဲဒီဆွေးနွေးပွဲကို တောင်ကြီး NLD က အဘဦးကျော်ခင်လည်း တက်ရောက်ခဲ့ပါတယ်။ စရောက်တဲ့နေ့ နေ့လည်ပိုင်းရောက်တော့ အဘဦးကျော်ခင် ဆီက ဖုန်းဝင်လာတယ်။ `ဆရာမတို့နဲ့ မိတ်ဆက်ပေးဖို့ ဧည့်သည်တွေ ရောက်နေတယ်´ ဆိုလို့ တည်းခိုခန်းရဲ့ အောက်ထပ်ကို ကျမတို့ ဆင်းခဲ့ပါတယ်။ အမှန်ကတော့ အဘဦးကျော်ခင်က ဆရာမ ဟောင်းစိုင်းကို သူ့ရဲ့ လားရှိုး NLD အဖွဲ့ဝင်တွေနဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ကျမက အဖော်အနေနဲ့ လိုက်သွား ခဲ့တာပါ။ ညနေစာကို သူတို့က ဧည့်ခံမယ်ဆိုပြီ ညနေ ၆နာရီလောက် သူတို့ လာခေါ်မယ့်အကြောင်းပြောပြီး ပန်သွားကြတယ်။ ညနေရောက်တော့ ဆိုင်သွားကြပြီး စားကြ၊ သောက်ကြတယ်။ အဲဒီအချိန်မှာ လားရှိုး NLD အဖွဲ့ဝင်လည်း ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖစ်တဲ့ အန်ကယ်ဦးမြင့်အောင်က ကျမချင်းမှန်းသိသွားတော့ `ဟ.. ချင်းတွေက သရဲကောင်း(သူရဲကောင်း)တွေပဲ၊ ဆလိုင်းတင်မောင်ဦးကို သိလား´´ လို့ ကျမကို မေးလိုက်တယ်။ `မသိဘူး. ကျမက အရှိုချင်းပါ´ လို့ပြောတော့ `သူလည်း အရှိုပဲလေ၊ ချင်းတွေက သူရဲကောင်းတွေဗျ၊ အာဇာနည်တွေ´ လို့ပြောခဲ့တယ်။ ဆလိုင်းတင်မောင်ဦးဟာ အရှိုချင်း သူရဲကောင်းတစ်ယောက်ဖြစ်တဲ့အကြောင်း၊ ကျောင်းသားအရေးအခင်းတွေမှာ ဦးဆောင်ခဲ့တဲ့ ကျောင်းသား ခါင်းဆောင်တွေ အဖမ်းခံရတဲ့အချိန်မှာ သူကတော့ ကြိုးပေးခံခဲ့ရကြောင်း ပြောပြခဲ့တယ်။ 

ဆလိုင်းတင်မောင်ဦးအကြောင်းကို ဒီထက်ပိုပြီး သိလိုစိတ်တွေ ရှိခဲ့ပေမယ့် သူ့အကြောင်းကို ဘယ်သူ့သွားမေးရမှန်းလည်း မသိဘူး။ အဲဒီလို ကိုယ့်ရဲ့ အရှိုချင်းသူရဲကောင်းတွေအကြောင်း အပူတပြင်းနဲ့ ပိုပြီး သိချင်လာအောင် နှိုးဆွပေးတဲ့ အခြားအကြောင်းရင်းကြီးတစ်ခု ရှိသေးတယ်။ အဲဒီခံစားချက်ကို ကျမဘယ်တော့မှလည်း မေ့ပျောက်လို့ရမှာမဟုတ်ပါဘူး။ 

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က အရှိုချင်းစာပေယဉ်ကျေးမှုကော်မတီ အစည်းအဝေးသွားတက်တော့ အပြန်မှာ အဘိုးလေး (ဆမိုအောင်စော) ဆီက အရှိုချင်းသမိုင်းစာအုပ် နှစ်အုပ် ရလာခဲ့တယ်။ အဲဒီသမိုင်း စာအုပ်တွေက အရမ်းရှားသလို ဘယ်တုန်းကမှလည်း မမြင်ဖူးခဲ့ဘူး။ ဒါနဲ့ပဲ အိမ်ပြန်ရောက်ရောက်ချင်း အဲဒီ  ၂အုပ်လုံးကို တစ်ထိုင်တည်း ဖတ်ပစ်လိုက်တယ်။ အရှိုလူမျိုးစုတွေ ဘယ်က ဆင်းသက်လာတယ်၊ အမည်တွေကို ဘယ်လို ဘယ်ပုံပေးကြတယ် စသဖြင့် ကိုယ်လည်း ဖတ်ရင်း သူငယ်ချင်းတွေကိုလည်း ကြွာရင်း (အဲလေ. ကြွားတာမဟုတ်ပါဘူး) ပြောပြရင်းနဲ့ နောက်တော့ ပျူစောထီးအကြောင်းပါလာပါရော။ ကျမတို့ရဲ့ အရှိုသမိုင်းထဲမှာ ပျူစောထီးက ပျူလူမျိုးမဟုတ်၊ ပျူအဖိုးအို၊ အမယ်အိုအိမ်မှာ အကြာကြီးနေခဲ့လို့ ဗမာလို ပျူစောထီးဖြစ်ရတာပါ။ အရှိုလိုဆိုရင် (ခစိုင်းလှံလှတ်)ပါလို့လည်း သူငယ်ချင်းတွေကို ပြောပြရော သူတို့က ၀ိုင်းနှက်ကြပါလေရော။ အေး. ငါတို့ မွန်တွေကလည်း ပျူစောထီးက မွန်လို့ပြောတယ်။ ဗမာတွေကလည်း ပျူတွေက ဗမာလို့ ပြောတယ်။ ကရင်သမိုင်းမှာလည်း ဒီလိုပဲ။ မင်းတို့မှာ သက်သေဘာရှိတုန်းလို့လည်း မေးရော ကိုယ်လည်း ဆွံ့အသွားရောလေ။ ဟုတ်လည်း ဟုတ်ပါတယ်။ အဲဒီသမိုင်းစာအုပ်မှာ အညွှန်း၊ ကိုးကားတဲ့စာအုပ်တွေ မတွေ့ခဲ့ရဘူး။ နောက်ပြီး ကျမတို့ အရှိုချင်းစာက လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်လောက် ကမှ စပြီး ပေါ်လာခဲ့ရတာ။ ပျူစာပြန်လေ့လာရအောင် ကိုယ့်လက်ရှိအရှိစာကိုတောင် လယ်လယ်ဝယ်ဝယ် မဖတ်နိုင်တော့ ခက်ရော။ ပြန်ချေစရာမရှိတဲ့နောက်ဆုံး ကျမလည်း ဟိုးလွန်ခဲ့တဲ့ ၅ နှစ်လောက်က တောင်ပေါ်ချင်းသူငယ်ချင်းတစ်ယောက် ပြောတာကို ပြန်မေးလိုက်ပါတယ်။ ပျူလူမျိုးတွေ နာမည်မှဲ့တာ ငါတို့ချင်းတွေနဲ့ တူတယ်ကွ၊ မင်းတို့ မွန်တွေ ဗမာတွေ ကရင်တွေမှာ ပျူလူမျိုးတွေ နာမည်မှဲ့သလို မှဲ့ကြသလား၊ ငါတို့က ငါတို့ အဘေးထိ ပျူတွေ နာမည်မှဲ့သလို မှဲ့တာလို့ ပြန်ပြောပလိုက်တယ်.း) အဲလို မေးတော့ သူတို့လည်း နည်းနည်းတော့ ဆွံ့သွားကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့လူမျိုးတွေက ချင်းတွေလို အဖေနာမည်ကို သားရဲ့နောက်ဆုံးနာမယ်အနေနဲ့ ချိတ်ပြီး မှဲ့ကြတာမဟုတ်ဘူးလေ။ ကျမရဲ့ အဘေးအထိက ပျူတွေနာမည်မှဲ့ခဲ့သလို သားနာမည်နဲ့ အဖေနာမည်ကို ချိတ်ပြီး မှဲ့ကြပါတယ်။ (ကျမအဘေး- ဒေနှောင်၊ နှောင်ဘွေး၊ ဘွေးခုံ၊ ခုံစိုင်း၊ စိုင်းဌေး၊ ဌေးလျှံ၊ လျှံဝါ၊ ၀ါမောင်၊ မောင်လျှင်း၊ လျှင်းထိုး၊ ကျမအဘိုးနဲ့ ကျမအဖေကတော့ မြန်မာနာမည်တွေပဲ မှဲ့ကြတော့တယ်။) ဒီလိုပြောခဲ့ပေမယ့် သူတို့က ကျမတို့ရဲ့ သမိုင်းကို လုံးဝ အယုံအကြည်မရှိကြဘူးလေ။ ဒါနဲ့ပဲ ကျမကလည်း အဲဒီသမိုင်းစာအုပ်ထဲက အစွမ်းထက်တဲ့ အရှိုဘိုးဘေးတွေအကြောင်း ထပ်ပြောပေးလိုက်တယ်။ :D အဲဒါမှ ပိုသာဆိုးသွားတော့တယ်။ အဲဒါတွေက သဘာဝမကျဘူး၊ ဒဏ္ဍာရီတွေ၊ ပုံပြင်တွေပဲလည်း ဆိုရော ကျမလည်း ငိုတောင် ငိုချင်သွားတယ်။  ဒီလိုသမိုင်းတွေက တကယ်မဟုတ် ဒဏ္ဍာရီသာဆို ငါကတော့ ငါ့မျိုးဆက်သစ်တွေကို ဒီအတိုင်း အမှားကြီးတွေ မသင်နိုင်ဘူး၊ မပြောနိုင်ဘူး။ ပျူလူမျိုးက ငါ့လူမျိုးပါလို့ ငါထပ်ပြောမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီထက်ကောင်းတဲ့သမိုင်းကို ငါကိုယ်တိုင်ပြန်ရေးမယ်လို့ ကြုံးဝါလိုက်တယ် (စိတ်နာနာနဲ့း)) အဲဒီအချိန်မှာပဲ ဆရာမ အစိုင်းက ကျမကို နှစ်သိမ့်ရှာပါတယ်။ ဒဏ္ဍာရီဆိုလည်း ငါတို့မှာတော့ ဒီလို ဒဏ္ဍာရီတွေ ရှိခဲ့တယ်လို့ သင်ပြပြောပြလို့ရပါတယ်။ Something is better than nothing. လို့ ပြောပါတယ်။ ဒါပေမယ့် ကျမတော့ ကိုယ့်ရဲ့ အရှိုချင်းသမိုင်းစာအုပ်ကို စဖတ်လိုက်ရတဲ့နေ့မှာပဲ စိတ်ဓာတ်ကျသွားပါတယ်. ဒီလိုပဲ ငါတို့ရဲ့ ဘိုးဘွားတွေက မှတ်တမ်းမှတ်ရာတွေ မချန်ခဲ့တော့ ငါတို့ ပြောတာတွေဟာ ဒဏ္ဍာရီဖြစ်သွားသလိုပဲ ငါတို့လည်း ငါတို့ဘ၀မှာ မှတ်တမ်းတွေ မလုပ်ရင် ငါတို့ရဲ့ နောင်သားစဉ်မြေးဆက်က ခုလိုပဲ ခံစားကြရမယ် လို့ မအစိုင်း ပြောခဲ့တယ်။ အဲဒီကတည်းက ကျမစိတ်ထဲမှာ တစ်ခုခုလုပ်တိုင်းလုပ်တိုင်း၊ ပြောတိုင်းပြောတိုင်း သက်သေအထောက်အထား ဆိုတာကို အမြဲ သတိပြုမိနေပါတယ်။ အဲဒါက ဆလိုင်းတင်မောင်ဦး (သို့) မုန်းတိုင်းထဲက ကြယ်ဖြူပွင့် ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်က ကျမရဲ့စိတ်ကို ဘာ့ကြောင့် အဲဒီလောက်ထိ ဆွဲဆောင်သွားသလဲဆိုတာလေးပါ။ ရေငတ်နေတုန်း ရေတွင်းထဲ ကျခဲ့သလိုပေါ့။ 

အဲဒီဆောင်းပါးထဲမှာ ဆောင်းပါးရှင်က သူအရမ်းသိချင်ဖတ်ချင်နေတဲ့ ဆလိုင်းတင်မောင်ဦး (သို့) အာရှရဲ့ မေ့လျော့နေတဲ့ သူရဲကောင်းတစ်ဦးဆိုတဲ့ စာအုပ်လေးကို ၀ယ်ခဲ့တဲ့အကြောင်း၊ ဆလိုင်းတင်မောင်ဦးက ၇၀ ခု ကျောင်းသားအရေး အခင်းတွေမှာ ထင်းထင်းကြီးပေါ်နေခဲ့တဲ့ ကြယ်ပွင်းကြီးပမာ မြင်ခဲ့ရတဲ့ အပြင်၊ သူတို့ဟာ စာအုပ်ခေါင်းစဉ်ထဲကလို ဆလိုင်းတင်မောင်ဦးကို မေ့လျော့နေခြင်းမဟုတ်ကြောင်း၊ အရေးအခင်းတွေမှာ သူမြင်ခဲ့ရလောက် ဆလိုင်းတင်မောင်ဦးရဲ့ အကြောင်းကို ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ မဆလခေတ်မှာ ဒီမိုကရေစီမပြောနဲ့ အရာရာမျက်စိပိတ်၊ နားပိတ်ခံထားရတဲ့အချိန်မှာ ဆလိုင်းတင်မောင်ဦးဟာ လူပေါင်းအထောင်အသောင်းကို ဦးဆောင်ခဲ့တဲ့သူ၊ ဦးသန့်အရေးအခင်း၊ မေဂျွန်အရေးအခင်းတွေမှာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး မှိုင်းရာပြည့်ပွဲမတိုင်ခင် ဖမ်းဆီးခံရပြီး ပထမဦးဆုံး ကြိုးပေးသတ်ခံခဲ့ရတဲ့ ကျောင်းသားအာဇာနည်တစ်ဦးဖြစ်ကြောင်း လွမ်းဆွတ်စရာကောင်းအောင် ရေးသားထားပါတယ်။  

ကျမက ချင်းဆိုပေမယ့် တကယ်တမ်းကျတော့ ကိုယ့်လူမျိုးသူရဲကောင်းတွေ အကြောင်းသိဖို့ နေနေသာသာ၊ အာဇာနည်တွေ ရှိ၊ မရှိတောင် မသိခဲ့ဘူး။ အရှိုချင်းဖြစ်ပြီး အရှိုချင်းစာ မတတ်ခဲ့ဘူး၊ ကိုယ့်စာပေ၊ ယဉ်ကျေးမှုကို တန်ဖိုးထားရကောင်းမှန်း မသိခဲ့ဘူး။ တန်ဖိုးထားဖို့ လိုအပ်တယ်ဆိုတာကို လမ်းညွှန်ပေးမယ့် ပညာရေးကို မရခဲ့ဘူး။ ကိုယ့်ရှေ့က ရဲရဲဝံ့ဝံ့နဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်တွေစတေးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေအကြောင်းမသိခဲ့ရ၊ မသင်ခဲ့ရဘူး။ သူတို့တွေဟာ ကျမတို့ မျိုးဆက်သစ်တွေရဲ့ စိတ်ဓာတ်မြှင့်တင်ရေး၊ နိုင်ငံသားကောင်း ပီသလာဖို့၊ လူတော်လူကောင်းတွေ ဖြစ်လာဖို့ အဓိက တွန်းအားတွေဆိုတာကို နားမလည်ခဲ့ဘူး။ ဘာတွေဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့၊ အရာရာဟာ နောက်ကျတယ်မရှိပါဘူးဆိုပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်ရပါတယ်. 

ခုချိန်ကစပြီး ကျမတို့ အရှိုတွေအနေနဲ့ ကိုယ့်လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုတွေကို လေးစားတန်ဖိုးထားတတ်ရုံမက သူတပါးရဲ့ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုတွေကိုလည်း အပြန်အလှန် လေးစားပြီး တန်ဖိုးထားပေးကြဖို့ နောင်မျိုးဆက်သစ်တွေအတွက် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ သမိုင်းကောင်း အသစ်အသစ်တွေကို ရေးထိုး မှတ်တမ်းတင်ခဲ့နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…

Sunday, 21 April 2013

သစ်ပင်အိုနဲ့ပန်းကလေး

ဒီပန်းလေးတစ်ပွင့် လှပစွာဖူးပွင့်လာဖို့
ရင်တထိတ်ထိတ်နဲ့ ဘယ်လောက်စောင့်ခဲ့ရလဲ
အဖူးလေးငုံထွက်လာချိန်ကတည်းက အရိပ်တကြည့်ကြည့်နဲ့
ဟော.. ပွင့်လာပြီ။

ကမ္ဘာပေါ်မှာ အလှဆုံးပန်းတစ်ပွင့်လို့တင်စားလိုက်မယ်
ရင်ထဲမှာအပျော်တွေစီးဆင်းနေလိုက်တာ
ပန်းကလေးရဲ့အလှတွေနဲ့အတူပေါ့

ပန်းကလေးသူ့အပင်ပေါ်မှာလန်းဆန်းခဲ့တယ်
သိပ်မကြာဘူး.. လေပြင်းတစ်ချက်ဝှေ့လိုက်ရုံ
ပန်းကလေးကြွေသွားတယ်...
နှမြောသသနဲ့သည်ပင်အိုမျက်ရည်တွေတွေကျပြီပေါ့။

ပန်းကလေးအရင်အတိုင်း သူ့အပင်ထက်မှာ ပြန်လှပနိုင်မလား
ပန်းကလေးပြန်လန်းဆန်းလာမယ်ဆိုရင် ဒီပင်အိုအသေခံလိုက်မယ်
ပန်းကလေးပြန်မလန်းဆန်းခဲ့ဘူး

ဒါပေမယ့် သစ်ပင်ကြီးကဇွဲမလျှော့ဘူး
ဒီပန်းကလေးအရင်ကအတိုင်းလှလှပပပြန်ဖူးပွင့်ဖို့ဆို
ခဏခဏ သေကြောင်းကြံတယ်။


Saturday, 1 October 2011

နားလည်ပေးပါ

ငါငုံထားတာ အဆိပ်ဆိုရင်
တစ်နေ့ မင်းအတွက် ဖြေဆေးဖြစ်ရမယ်

ငါလက်သပ်မွေးထားတာ ဒဏ်ရာဆိုရင်
နာကျင်ခံစားရတိုင်း မင်းကို တမ်းတဖို့ဖြစ်တယ်

ငါလူတွေနဲ့ခပ်ဝေးဝေးနေတယ်ဆိုလည်း
မင်းတစ်ယောက်ကိုပဲ ငါ့နှလုံးသားထဲ ထားဖို့ဖြစ်တယ်

အလွမ်းတွေကို ခဏခဏဖွင့်ကြည့်တယ်ဆိုရင်
မင်းပြန်လာတဲ့အချိန် ဆီးကြိုဖို့ဖြစ်မယ်

ငါခဏခဏ ဂျီကျနေပြီဆိုရင်တော့
ငါအရမ်းလွမ်းနေပီလို့ နားလည်ပေးပါနော်


2, October 2011
(ခရောင်းလမ်း)

ငါဘယ်မှာလဲ

မင်းရေးတဲ့ ကဗျာလေးတွေ လှပလွန်းတယ်
ဒါပေမယ့် ကဗျာလေးတွေထဲ ငါ့ရဲ့ဝိညာဉ်ရှာမတွေ့ဘူး

မင်းဆွဲတဲ့ ပန်းချီကားလေးလှတယ်
ဒါပေမယ့် ပန်ချီကားလေးမှာ ငါ့ရဲ့အငွေ့အသက်တွေမမြင်ဘူး

မင်းရေးတဲ့ ၀တ္တုတိုလေးတွေ ကောင်းတယ်
ဒါပေမယ့် ၀တ္တုတိုလေးတွေက ငါ့ဘ၀ကို ထင်ဟပ်မပြဘူး

မင်းရဲ့အပြုအမူတိုင်းက ဆွဲဆောင်မှုရှိတယ်
ဒါပေမယ့် အဲဒီအပြုအမူတွေက ငါ့ကိုနွေးထွေးမှုမပေးဘူး

မင်းပြောတဲ့ စကားလေးတွေ အရမ်းချိုသာတယ်
ဒါပေမယ့် ငါ့ကိုချစ်တယ်လို့ မပြောဘူး

2 October, 2011 (ခရောင်းလမ်း)

မော့ကြည့်


အံသေလက်နဲ့ ခရေတွေကောက်

အစွန်းတိုင်းမှာ ကြယ်စင်ကြွေကျ

ရုပ်လုံးမလှတဲ့ ရုပ်ထုတစ်ခု
သူ့ဟာသူ ရှိပါစေ။


ပျောက်ကွယ်သွားတဲ့ မိုးတိမ်ညိုလေး
ထွန်းလင်းပေးမဲ့ လမင်းစန္ဒာ
ညနေခင်းက ဆံပင်ဖားလား
သူ့ဟာသူ ရှိပါစေ။


မြောက်ဝင်ရိုးစွန်း တစ်ခုရှိတယ်
တောင်ဝင်ရိုးစွန်း တစ်ခုရှိတယ်
ဘာမြူဒါတြိဂံလည်းရှိတယ်
သူ့ဟာသူ ရှိပါစေ။


Dec 19, 2009

မောင်နီကို

Tuesday, 23 August 2011

မောင်ပျိုးခဲ့သော ခရေပင်လေး


တစ်ချိန်ကခေါင်လွန်းလှတဲ့ နွေတစ်နွေမှာ

ခရေပင်လေး မောင်ပျိုးခဲ့တယ်..

အပင်ငယ်ပေါက်လာချိန်တော့

မောင်ကိုယ်တိုင် မြေဆီကောင်းမှာ

ပြောင်းစိုက်တယ်လေ..

နုနယ်သေးတဲ့ ခရေပင်ပေါက်လေး

အန္တရာယ်ကင်းစွာ ရှင်သန်နိုင်ဖို့

တောရိုင်းတိရိစ္ဆာန်မ၀င်နိုင်ဖို့

မောင့်ဥယျာဉ်မှာ ခိုင်ခံ့စွာ စည်းရိုးကာတယ်..

ခရေပင်လေးကြီးထွားနိုင်ဖို့

ရေလောင်း၊ ပေါင်းသင်၊ မြေတောင်မြှောက်ခဲ့တယ်..

မောင်တယုတယပျိုးခဲ့တဲ့ ခရေပင်လေး

မောင့်မျက်စိအောက်မှာ

ခုန်ပေါက်မြူးတူးပြီး ကြီးထွားလာလိုက်တာ

ခရေတွေ ပွင့်ကုန်ရောလား

ပင်မြင့်စံချိန်၊ ပွင့်ဖူးဝေချိန်မှာ

မောင့်အခြွေကိုတမ်းတလေသည်..

မောင်....................

မောင်ဘယ်မှာလဲ.... မောင်......

ဟင်.......မောင်မရှိတော့ပါလား..

မောင်ပျောက်နေတော့

ခရေလေးတွေ ငိုကြွေးပါပြီ....

အို ... သူတို့မောင့်ကိုမျှော်ရင်းမြေခတော့သည်

အခက်တွေဝေလျက် အပွင့်တွေ ကြွေသည်

ခရေပင်လေးအရွယ်ရောက်မှ မောင်စွန့်ချေပြီ.

ဘယ်လိုပင်ရှိစေ၊ မောင်ပျိုးခဲ့သော ခရေပင်လေး

ရေမလောင်း၊ ပေါင်းမသင် အစောင့်အရှောက်ကင်းလည်း

အရွက်မြိုင်မြိုင်၊ အပွင့်လှိုင်လှိုင်၊ ရနံ့ကြိုင်စွာဖြင့်

မောင့်ဥယျာဉ်မှာ ဝေရင်း၊ ကြွေရင်း ရှင်သန်တတ်သည်။


Sunday, 7 August 2011

မေးမြန်းသူ -ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ နှင့် ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)တို့၏ ဆွေးနွေးခန်း အမေးအဖြေ (သိမ်း)

ဆရာတော်၏ လိမ်လည်လုပ်ကြံမှု အဆက်…..

ဒါပေမယ့် ဒီစကားတွေကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ဘာသာအယူဝါဒဟာ ယေဟိုးဝါရဲ့ ဘာသာအယူဝါဒနဲ့ လုံးဝမတူကြောင်းကို အထင်အရှား သိမြင်နိုင်ပါတယ်။ ဒါပေမယ့် ခရစ်ယာန်ဘာသာဝင်တွေက ဒါကို နားမလည်ကြသေးဘူး။ သဘော မပေါက် ကြသေးဘူး။ ခရစ်တော်ရဲ့ သွန်သင်ဟောပြောချက်တွေရဲ့ အနက်အဓိပ္ပာယ်ကိုနားမလည်ကြသေးဘူး။

အထက်က ဦးပဉ္ဇင်းဟောပြောခဲ့တဲ့ တကယ့်တိကျဟုတ်မှန်တဲ့ သက်သေသာဓကတွေအပြင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ သားတော် မဟုတ်ကြောင်းကို နောက်ထပ် သက်သေသာဓက ပြပါဦးမယ်။ ထာဝရဘုရားသခင်ရဲ့ တရား တွေနဲ့ ခရစ်တော်ဟောတဲ့ တရားတွေရဲ့ ခြားနားချက်တွေကို တကယ်တမ်း စီစစ်ကြည့်ရင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ ရန်သူ၊ တနည်းအားဖြင့် ဆန့်ကျင်သူဖြစ်ကြောင်းကို လွယ်လင့်တကူနဲ့ သိမြင်နိုင်ပါတယ်။

ဓမ္မဟောင်းကျမ်းစာထဲမှာ ထာဝရဘုရားသခင်က အဗြဟမ်အား - "အကယ်၍ သင်၏မျက်လုံးကို တစုံတယောက်သောသူက ထိုးဖောက်၍ ယူသွားခဲ့သည်ရှိသော် ထိုသူ၏ မျက်လုံး ကိုလည်း သင်က ထိုးဖောက်၍ ယူလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏နှာခေါင်းကို လှီးဖြတ်ပစ်သည် ရှိသော် ထိုသူ၏ နှာခေါင်းကို သင်ကလည်း လှီးဖြတ်ပစ်ပါလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏အသက် ကို သတ်ရန်ကြိုးပမ်းခဲ့သည်ရှိသော် သင်ကလည်း ထိုသူ၏အသက်ကို သတ်ဖြတ်ပါလေ။ ငါကား ဒေါသတရားဖြင့် ထုံ အပ်သည့် ထာဝရဘုရားသခင်တည်း။ ငါသည်သင့်အား လက်စားချေရေးတရားအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏" ဟု အလေးအနက် ဟောပြောတော်မူခဲ့တယ်။

ဒါပေမယ့် ကရုဏာတရားပွားများလှတဲ့ ခရစ်တော်ကတော့ -

"အကယ်၍ တစုံတယောက်သောသူက သင်၏ခြုံစောင်ကို ယူသွားခဲ့သည်ရှိသော် ထိုသူအား သင်၏အင်္ကျီပါ ချွတ်၍ ပေးကမ်းလှူဒါန်းပါလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏လက်ျာဘက်ပါးကို ရိုက်ခဲ့သည်ရှိသော် ထိုသူ အား သင်၏လက်ဝဲဘက်ပါးကိုပါ ရိုက်ပါစေ။ အစစကိုသည်းခံပါ။ သည်းခံခြင်းသည်သာလျှင်ကုသိုလ်တရားကို ပွားများ ပေးစေနိုင်သည်။ သင်၏အိမ်နီးချင်းများကို သင့်ကိုယ်ကိုချစ်ခင်သကဲ့သို့ ချစ်ခင်ပါ။ မည်သည့်သက်ရှိသတ္တဝါကိုမျှ အန္တရာယ် မပြုပါနှင့်" လို့ သူ့ရဲ့နောက်လိုက်တွေကို ဟောပြောသွန်သင်ခဲ့တယ်။

ထာဝရဘုရား ယေဟိုးဝါနဲ့ ခရစ်တော်ဟောတဲ့ဒီတရားနှစ်ခုဟာ တခုနဲ့တခုစပ်လို့ဟပ်လို့မရအောင် ကွာခြားနေတာကို တွေ့နေရပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဟာ ယေဟိုးဝါရဲ့ သားတော်မဟုတ်ဘဲ ထာဝရဘုရားယေဟိုးဝါရဲ့ ရန်သူဖြစ် ကြောင်းကို အသိဉာဏ်ရှိတဲ့သူတိုင်းအထင်အရှားနားလည်သဘောပေါက်နိုင်ပါတယ်။ ဒီနည်းနဲ့ ခရစ်တော်ဟာ ထာဝရ ဘုရား ယေဟိုးဝါရဲ့ ဓမ္မဟောင်းကို ချိုးဖောက်ဖျက်ဆီးနိုင်ခဲ့တယ်။ ယေဟိုးဝါရဲ့ ဘုရားတန်ဆောင်းကို ဖျက်ဆီးခဲ့တယ်။ အရေပြားကို ဖြတ်လှီးပြီး ဘာသာအယူဝါဒဆိုင်ရာ ကင်ပွန်းတပ်တဲ့ ထုံးတမ်းဓလေ့ကို ပယ်ဖျက်ခဲ့တယ်။

(အသက်အတွက် အသက်၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွားပြန်ပေးရမယ်… ဆိုတဲ့ ဥပဒေနဲ့ပတ်သက်ပြီး ကျမ်း ၃ ကျမ်းမှာ ရေးသားထားတာတွေ့ရပါတယ်.. ထွက်မြောက် ၂၁း ၂၄၊ ၀တ်ပြု ၂၄း ၂၀၊ တရားဟော - ၁၉း ၂၁ ဒါပေမယ့် ဘယ်ကျမ်းပိုဒ်ထဲမှာမှ ငါသည်သင့်အား လက်စားချေရေးတရားအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏ ဆိုတဲ့ ကျမ်းပိုဒ်ကို မတွေ့ပါဘူး… ထားပါတော့.. လက်စားချေတယ်ဆိုတာ ကိုယ့်ကို စော်ကားတဲ့သူကို လက်တုံ့ပြန်တာဖြစ်လို့ ဒါဟာ တရားမျှတမှု ရှိရုံသက်သက်ပါ…

ဆရာတော်က ဒီလိုမျိုးဆန့်ကျင်ဘက်သဘော ဖြစ်နေတဲ့ကျမ်းပိုဒ်လေးတွေကိုပဲ သုံးပြီး တစ်ဖက်မှာ ဓမ္မဟောင်းကျမ်းထဲမှာပါတဲ့ ခမည်းတော်ဘုရားက ရက်စက်ကြမ်းကြုတ်ပြီး ခရစ်တော်ကသာ ဂရုဏာရှင်လို့ ချီးမွမ်းခန်းဖွင့်နေသလို အခြားတစ်ဖက်မှာကျပြန်တော့ ခရစ်တော်ကပဲ သူနဲ့မတန်မရာ ဘုရားသခင်ရဲ့ သားတော်လို့ လိမ်ပြောသလိုလို… တစ်ဖက်ကိုမြှောက်ပြီး တစ်ဖက်ကို ဖိလိုက်၊ နောက်တစ်ဖက်ကို ပြန်မြှောက်လို အခြားတစ်ဖက်ကို ဖိလိုက်နဲ့ တစ်စည်းတစ်လုံးတည်းရှိ နေသူကို သွေးခွဲချင်ပုံပေါ်နေတယ်..

ဒါပေမယ့် ဆရာတော်ချန်လှပ်ထားခဲ့တဲ့ ခရစ်တော်ရဲ့ပညတ်သစ်ကို ကြည့်ပါ.. မဿဲ ၅း ၂၁ ``လူ့အသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟု ရှေးပညတ်စကားကို သင်တို့ ကြားရပြီ။ ငါပညတ်သည်ကား ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျန်ဆဲသော သူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။´´ မြင်ရဖတ်ရတဲ့အတိုင်းပါပဲ… ခရစ်တော်ရဲ့ပညတ်သစ်က တစ်ဦးအပေါ်တစ်ဦး မေတ္တာထားဖို့အတွက် ရှေးကျမ်းစာထဲက ပညတ်ချက်ထက်တောင် ပိုပြင်းထန်မနေဘူးလား…

ဘာပဲဖြစ်ဖြစ် ခမည်းတော်နဲ့ သားတော်ဟာ တစ်စည်းတစ်လုံးတည်းရှိတယ်၊ ရန်သူတွေမဟုတ်ဘူး ဆိုတာ ခရစ်တော်ကိုယ်တိုင်ပြောခဲ့တဲ့ သူ့နှုတ်ထွက်စကားလေးကို ထောက်ပြပါမယ်…

ယောဟန် ၈း ၁၉ ``ထိုသူတို့ကလည်း သင်၏ခမည်းတော်သည် အဘယ်မှာ ရှိသနည်ဟု မေးကြ၏။ ယေရှုကလည်း သင်တို့သည် ငါ့ကို မသိကြ။ ငါ့ခမည်းတော်ကိုလည်း မသိကြ၊ ငါ့ကို သိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။´´

ယောဟန် ၁၄း ၉ - ၁၀ ``ယေရှုက ဖိလိပ္ပု ဤမျှကာလပတ်လုံးငါသည် သင်တို့နှင့်အတူ ရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင် ခမည်းတော်ကို ကျွနိုပ်တို့အားပြတော်မူပါဟု သင်သည် အဘယ်သို့ ဆိုရသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက်ငါဟောပြောသည်မဟုတ်။ ငါပြုသော အမှုတို့ကိုကား ငါ၌တည်သောခမည်းတော်သည် ပြုတော်မူ၏။´´

ခရစ်တော်ကိုယ်တိုင်သူဟာ ခမည်းတော်ရဲ့စကားကိုနားထောင်ခဲ့တယ်ဆိုတာ သူ့နှုတ်ထွက်စကား အားဖြင့်သက်သေပြပြီးပါပြီ..

ဒီနောက်ပိုင်းမှာကတော့ ခရစ်တော်ကို ဘုရားအဖြစ်လက်မခံနိုင်တဲ့သူတွေက ဘယ်ကျမ်းထဲမှာမှ မပါတဲ့အချက်အလက်တွေထည့်သွင်းပြီး အောက်ပါအတိုင်းစွပ်စွဲထားပါတယ်.. ဆရာတော်ကတော့ အခွင့်သင့်လို့ ဟောတယ်ဆိုပေမယ့် အတင်းပြောတာနဲ့ပဲ တူပါတယ်…. စိတ်ဝင်စားပါက ဆက်ဖတ်ကြည့်ပါ….

ဒီနေရာမှာ အခွင့်သင့်လို့ ခရစ်တော် ပြန်လည်ရှင်လာခြင်းဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဦးပဉ္ဇင်း အကျဉ်းချုပ်သဘော နည်းနည်း ဟောချင်ပါသေးတယ်။ ခရစ်တော်သေပြီး တတိယမြောက်နေ့မှာ ပြန်လည်ရှင်သန်လာတယ်ဆိုတဲ့ အဖြစ် အပျက် ကလေးကတော့ တော်တော်ကလေး ဦးနှောက်ကောင်းကောင်းနဲ့ တီထွင်လိုက်တဲ့ ဇာတ်လမ်းကလေးတပုဒ် ဖြစ်တယ်။ ဒီဇာတ်လမ်းကို တီထွင်လိုက်တဲ့သူကတော့ ပြည့်တန်ဆာလုပ်စားတဲ့ ပြစ်မှုနဲ့ ရေဟူဒီတရားရုံးက အမိန့်အရ ရေဟူဒီတွေက ခဲတွေနဲ့ ဝိုင်းပေါက်ခြင်းခံရတဲ့ မေရီမက်(ဂ)ဒါလီနာ (Mary Magdalene) ဆိုတဲ့ အမျိုးသမီး တယောက်ဖြစ်တယ်။

ယေဟိုးဝါ သက္ကရာဇ် (၃၂၀၁) ခုနှစ်မှာ ရောမလူမျိုးဘုရင်ခံ ပွန်တီယပ်(စ)ပစ်လေးက "ခရစ်တော်ကွယ်လွန်ခြင်းနှင့် လိမ်လည်လုပ်ကြံထားသော ပြန်လည်ရှင်လာခြင်း" ဟူသော စာတမ်းတစောင်ကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာတမ်း ကတော့ -

"ဘက်သလဟမ်မြို့မှ မေရီ၏သား၊ အင်နာယေရှုခရစ်၏မြေးသည် ယေဟိုးဝါ၏အယူဝါဒကို မထီမဲ့မြင် သေးသိမ်ယုတ် ညံ့အောင် ပြုလုပ်လျက်ရှိသည်ဟူသော ရေဟူဒီဘုန်းကြီးများ၏ တရားစွဲဆိုချက်အရ ရောမလူမျိုးတို့၏ဥပဒေအရ ၄င်း အား ရာဇဝတ်ကောင်များကို ကားတင်၍ ကွပ်မျက်နေကျဖြစ်သည့် ဆီနိုင်တောင်ထိပ်ပေါ်မှ လက်ဝါးကပ်တိုင်၌ ကားတင်၍ ကွပ်မျက်ပစ်လိုက်၏။ ထို့နောက် ခရစ်ယာန်ဘာသာဝင်တို့အား ခရစ်တော်၏အလောင်းကို မည်သူမျှ တူး ဖော်ရွှေ့ပြောင်းခြင်း မပြုရဟု အမိန့်ထုတ်ဆင့်ထားသော်လည်း ခရစ်ယာန်ဘာသာဝင်တို့က တူးဖော်ရွှေ့ပြောင်းပစ်ကြ လိမ့်မည်ဟူသော ကောလဟလသတင်း ဖြစ်ပွားနေသဖြင့် သူ၏အလောင်းကို ကျောက်ဂူထဲတွင် မြှုပ်ပြီး အလွန်ကြီး မားသော ကျောက်တုံးကြီးများကို တင်ထားလေ၏။ ၄င်းပြင် ရောမစစ်သည်တော်(၅၀)ကို အစောင့်ချထားလေ၏။ ခရစ်တော်သည် တန်ခိုးပြာဋိဟာတို့ကို ပြနိုင်သူဖြစ်ရကား ရောမလူမျိုးဘုရင်သည် သူတန်ပြန်၍ ရှင်လာမည်ကို စိုးရိမ် လှသဖြင့် အစောင့်စစ်သားများအား အထူးဂရုတစိုက် စောင့်ကြပ်ရန် အမိန့်ထုတ်လေ၏။ ခရစ်တော် အသတ်ခံရပြီး ဒုတိယည၌ မေရီမက်(ဂ်)ဒါလီနာသည် ကချသည်အဝတ်တို့ကို ဝတ်ဆင်ပြီး ဆေးစပ်ထားသည့်အရက်နီကို ဖန်တကောင်း တခုတွင်ထည့်ကာ ခရစ်တော်မြှုပ်ရာ ကျောက်ဂူအနီးသို့ ချဉ်းကပ်လေ၏။ ရောမစစ်သည်တော်တို့က မက်(ဂ်)ဒါလီနာ သည် ခရစ်တော်အား တကယ်တမ်းကြည်ညိုသူတယောက် ဖြစ်သည့်အကြောင်းကိုလည်းကောင်း၊ ခရစ်တော်၏အလောင်းကို လာရောက်၍ ယူရန်လာသည့် သူ၏အကြောင်းကိုလည်းကောင်း မသိကြသောကြောင့် သူ့ အား သူတို့ရှေ့တွင် ကခုန်သီဆိုခွင့် ပြုထားမိကြ၏။ သူသည် ဆိုရ ကရ၍ မောလာသောအခါ အရက် ဖန်တကောင်းကို ဖွင့်၍ သောက်ဟန်ပြုလေ၏။ သဘာဝအလျောက် အရက်ကို တပ်မက်ကြသည့် စစ်သည်တော်တို့သည် မက်(ဂ်)ဒါလီနာက သူတို့အား အရက်တကောင်းကိုပေးလျှင်အားပါးတရ သောက်ကြလေ၏။ စစ်သည်တော်တိုင်း အလွန် ပြင်းထန်သည့် ဆေးများကို ခပ်ထားသည့် မက်(ဂ်)ဒါလီနာ၏ အရက်ကို တဖန်ခွက်စီသောက်ကြ၏။ မိနစ် အနည်းငယ် ကြာသောအခါ ဆေးခပ်ထားသည့်အရက်တန်ခိုးကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ကြရာ (၃)ရက် ကြာမှ နိုးကြ၏။ ရောမစစ်သည်တော်များ အိပ်ပျော်နေစဉ်အတွင်း မက်(ဂ်)ဒါလီနာသည် ခရစ်ယာန်ဘာသာဝင်တို့ကို စုကာ ခရစ်တော်၏အလောင်း မြှုပ်နှံထားသည့် ဂူပေါ်မှ ကျောက်စိုင်ကျောက်တုံးကြီးများကို ဖယ်ရှားပစ်ကြ၍ အလောင်းကို တူးဖော်ယူကာ အစိုးရအာဏာပိုင်များ မသိသည့်နေရာသို့ တိတ်တဆိတ်ပြောင်းရွှေ့မြှုပ်နှံလိုက်၏။ နောက်နေ့ နံနက်စောစောအချိန်တွင် မေရီမက်(ဂ်)ဒါလီနာသည် နန်းတော်၊ တရားလွှတ်တော်၊ ဈေးနှင့် ဇာတ်ရုံများဆီ သို့ သွားရာ လမ်းလေးခွ၌ ခရစ်ယာန်ဘာသာဝင်များစွာတို့ကို စုရုံးပြီး "အို ကျွန်ုပ်တို့၏ ယေရှုသခင်အား သက်ဝင် ယုံကြည် ကြသူ အချင်းတို့၊ ကြည့်ကြကုန်လော။ ယေရှုကိုယ်တော်မြတ်၏ ကျက်သရေရှိလှစွာသော ရုပ်သဏ္ဌာန်တော် ကို ဖူးမျှော်ကြလော့။ ကိုယ်တော်မြတ်ကား ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူလျက်ရှိသည်ကို ကြည့်ကြကုန်လော့" ဟု ဟစ်အော် ကြွေးကြော်ကြလေသည်။

ရေဟူဒီများ၊ ရောမလူမျိုးများနှင့် အခြားဘာသာများကို သက်ဝင်ယုံကြည်ကြသူတို့က -

"သင်၏ ခရစ်တော်ကား အဘယ်မှာနည်း။ ခရစ်တော်သည် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းလျက်ရှိသည်ဟု သင်တို့က မည်မျှပင် ဟစ်အော်ကြွားဝါနေကြသော်လည်း ငါတို့သည် မမြင်ချေတကား။ သင်တို့သည် လိမ်လည်နေခြင်းသာဖြစ်၏" ဟု ပြန်၍ ပြောကြ၏။

ထိုအခါ မေရီမက်(ဂ်)ဒါလီနာက -

"ခရစ်တော်အား ယုံကြည်ကိုးကွယ်၍ အရေပြားကို ဖြတ်သည့် ထုံးတမ်းဓလေ့ကို မလိုက်နာ မကျင့်သုံးသူတို့သာလျှင် ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူသည်ကို မြင်ကြရချေမည်။ သခင်ယေရှုကိုယ်တော်မြတ်ကို သက်ဝင် ယုံကြည်မှု မရှိဘဲ သတ်ဖြတ်လုပ်ကြံကြသည့် သင်တို့ဒိဋ္ဌိများကား ခရစ်တော်ကို မြင်ကြရမည်မဟုတ်ချေ။ သင်တို့ အကယ်၍ မယုံကြည်က ဆီနိုင်တောင်ထိပ်ပေါ်သို့တက်၍ကြည့်ကြလော့။ ထာဝရဘုရားသခင်၏ တမန်တော်က သူ၏ ဂူပေါ်တွင် တင်ထားသည့် ရာပေါင်းများစွာသော လူများအားနှင့်မှ ရွှေ့နိုင်သော ကျောက်တုံးကြီးကို ရွှေ့ပြီးလျှင် အစိတ်စိတ်အမွှာမွှာ ခွဲပစ်သည်ကို တွေ့ကြရမည်။ ၄င်းပြင် ရောမစစ်သည်တော် (၅၀)ကို တမန်တော်က မူးမေ့နေ အောင် ရိုက်နှက်ထုထောင်းထားခဲ့သည်ကိုလည်း ကြည့်ကြဦးလော့" ဟု ဆိုပြန်၏။

ခရစ်ယာန်ဘာသာဝင်တို့က မည်မျှပင် ဟစ်အော်ကြွေးကြော်နေကြသော်လည်း ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွ မြန်းသည်ကို မမြင်ရသည့် အစိုးရအဖွဲ့အာဏာပိုင်များ၊ ရေဟူဒီလူမျိုးများနှင့် ရောမလူမျိုးတို့သည် ဆီနိုင်တောင်ထိပ် ပေါ်သို့ တက်ကြည့်ကြရာ ခရစ်တော်၏ဂူပေါ်တွင် တင်ထားသည့် ကျောက်တုံးကြီးနှင့် ခရစ်တော်၏ အလောင်းတို့ကို မတွေ့ကြရတော့ချေ။ ၄င်းပြင် ရောမစစ်သည်တော်တို့ မူးမေ့နေကြသည်ကို တွေ့မြင်ကြလေ၏။

ဤအဖြစ်အပျက်ကို ဘာတခုမျှ မသိလိုက်ကြသော ရောမစစ်သည်တော်တို့အား ရောမအာဏာပိုင်တို့က ထောင်ထဲသို့ ပို့ကြ၏။ သို့ရာတွင် တတိယနေ့၌ ရောမစစ်သည်တော်တို့သည် သတိရလာကြ၍ မက်(ဂ်)ဒါလီနာက သူတို့ကို အက အဆိုဖြင့် ဖြေဖျော်ပြီးနောက် ဆေးခပ်ထားသည့်အရက်ကိုတိုက်ကြောင်း၊ ထို့နောက် သူတို့ သတိလစ်သွားကြကြောင်း ပြန်ဖြေကြလေ၏။ ဤကဲ့သို့ အဖြစ်အပျက်မှန်ကို သိကြသောအခါ ရောမအာဏာပိုင်တို့သည် မက်(ဂ်)ဒါလီနာနှင့်တကွ ခရစ်ယာန်ဘာသာဝင်ရေဟူဒီများနှင့် ဣသရေလလူမျိုးပေါင်း (၁၀၀၀)ကျော်တို့ကို ဖမ်းဆီး၍ ခေါင်းဖြတ်ပစ်လိုက် ကြ၏။

ဒါဟာ တန်ခိုးပြာဋိဟာတွေ ပြနိုင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် လူကိုယ်တိုင်က အသက်သေသွားပြီးဖြစ်တော့ ဒီ တန်ခိုးပြာဋိဟာတွေကလည်း ဘာမှ အသုံးမဝင်တော့ဘူးပေါ့။ ခရစ်တော်ဟာလည်း အခြားသတ္တဝါတွေလိုပဲ သေပြီးတဲ့ နောက် ဘယ်နည်းနဲ့မှ ပြန်မရှင်နိုင်တော့ဘူးပေါ့။

ဝစ်လဆင်။ တပည့်တော်တို့ တခါမျှ မကြားဖူးတဲ့ အခုဆရာတော် ဟောပြောတော်မူတဲ့ ရောမဘုရင်ခံ ပစ်လေး ရဲ့မှတ်တမ်းကို ကြားရမှပဲ ခရစ်တော်ဟာ တိဘက်ပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တပါးရဲ့ တပည့်သာဝက ဖြစ်တဲ့ အတွက် သူပြောပြတဲ့တရားတွေနဲ့ ဗုဒ္ဓရဲ့ တရားများနဲ့ တူနေကြောင်းကို သိရပါတယ်။ နောက်တခုကတော့ သူဟာ အရိမိတ္တေယျ ဘုရားအလောင်းတော်မဟုတ်ဘဲ ဆရာတော်တို့လို ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်ကြောင်း၊ ဈာန် အဘိညာဉ်ရကြောင်း တို့ကိုလည်း တပည့်တော် လက်ခံပါတယ်။ သူလည်းပဲ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ ဆိုတဲ့ ဓာတ်လေးပါး အဆောက်အဦဖြစ်တဲ့အတွက် အသက်သေပြီးတဲ့နောက် ပြန်ပြီး တဖန်မထနိုင်တော့ဘူး ဆိုတာလဲ တပည့်တော် ယုံကြည်ပါပြီ ဆရာတော်။

ဆရာတော်ဟာ ဘာသာအရပ်ရပ်နှင့်တကွ သိပ္ပံပညာကိုပါ နှံ့နှံ့စပ်စပ် အသိအမြင် များတဲ့အတွက် တပည့်တော်က ဆရာတော်ကို ကြည်ညိုပါတယ်။ ယခု ဆရာတော် ဟောပြတဲ့ အချက်အလက်တို့ကိုလည်း တပည့်တော် ယုံကြည်ပါ တယ် ဆရာတော်။ ဤတွင် ပရိဿတ်က သာဓုအနုမောဒနာ ခေါ်ကြလေသည်။

ခရစ်ယာန်ဘုန်းကြီး ၀စ်လဆင်ကတော့ ဟိုးအစကတည်းက အဓိပ္ပါယ်မရှိတဲ့ မေးခွန်းတွေနဲ့ အရှုပ်ထုတ်ကို ဖန်တီးခဲ့သလို.. ဆရာတော်ရဲ့မဟုတ်မမှန်လုပ်ကြံလီဆယ်မှု၊ ခရစ်တော်ကို ဆန့်ကျင်မှုတွေအားလုံးကိုလည်း ကျေကျေနပ်နပ်ကြီးပဲ အဆုံးထိ လက်ခံသွားခဲ့ပါတယ်.. အဲဒါကြောင့် ၀စ်လဆင်ကို ခရစ်ယာန်ဘုန်းတော်ကြီးမဆိုနှင့် ခရစ်ယာန်တစ်ဦးပင်မဖြစ်နိုင်ဟု ပြောခဲ့ခြင်းဖြစ်သည်။

မည်သို့ဆိုစေ ဘယ်လိုပဲ အပုပ်ချချ ဒီနေ့ခရစ်တော်ရဲ့ဘုန်းတော်အရှိန်အ၀ါကို ကမ္ဘာပေါ်ရှိလူအများ စုက ယုံကြည်လက်ခံ ဂုဏ်ပြုကိုးကွယ်လျက်ရှိနေတဲ့အတွက် ကိုယ့်ထက်သာ မနာလိုဖြစ်ပြီး အပုပ်ချချင်သူတွေအတွက်တော့ ဒီကဗျာစာပိုဒ်လေးနဲ့ပဲ အဆုံးသတ်ပေးပါရစေ..

"လမင်းကို ခွေးဟောင်လို့

ရွှေလရောင် ပြောင်မပျက်တယ်

ထွန်းလျှက်ပင်သာ"

ခရစ်တော်သည် ဘုရားစင်စစ်ဖြစ်သည်ဟု ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ။ သူ၏ သမိုင်းဖြစ်ရပ်မှန်ကိုဖော်ထုတ်သင့်သော်လည်း မဟုတ်မမှန်သောဇတ်လမ်းဇတ်ကွက်များဆင်၍ သမိုင်းကို မဖျောက်ဖျက်ဘဲ ဖြစ်ရပ်မှန်အတိုင်း ထိန်းသိမ်းရမည်မှာ လူသားတိုင်းစောင့်ထိန်းသင့်သည့် တာဝန်သာဖြစ်ပါသည်။

ပြီးပါပြီ...


Saturday, 6 August 2011

မေးမြန်းသူ -ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ နှင့် ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)တို့၏ ဆွေးနွေးခန်း အမေးအဖြေ (၄)

ဆရာတော်နှင့် ၀စ်လဆင်တို့၏ စကားပြောခန်းသည် ပထမဦးဆုံး မေးခွန်းမှ ယခုတိုင် အလွဲလွဲအမှားမှား ရှိခဲ့ပြီးပါပြီ...

ယခုတွင် ဆရာတော်၏ မဟုတ်မမှန် လိမ်လည်လုပ်ကြံပြောဆိုမှုများကို ဆက်လက်၍ ဖတ်ရှုနိုင်ပါသည်။

ထိုနောက် ကျွန်ုပ်သည် ဘုရားရှိခိုးကျောင်းထဲမှထွက်၍ မြို့တော်မှ ထွက်ခွာလာခဲ့၏။ ငါးမိုင် ခြောက်မိုင်ကျော်ခန့်လမ်းလျှောက်မိသောအခါ ခရီးသွားကုန်သည်တစုနှင့်တွေ့၏။ သူတို့၏ဝတ်စားဆင်ယင်ပုံမှာ ရေဟူဒီလူမျိုးများနှင့်ကွဲပြားခြားနားလျက်ရှိရာ သူတို့သည် တိုင်းတပါးမှ လာရောက်ကြ သည့် ကုန်သည်များ ဖြစ်ရမည်ဟု သတိပြုမိ၏။ သို့နှင့် သူတို့အနီးသို့ချဉ်းကပ်လိုက်ရာ ကံအားလျော်စွာ သူတို့ ခေါင်းဆောင်နှင့် တွေ့ပြီး သူတို့အား "မည်သည့်အရပ်မှ မည်သည့်ကိစ္စဖြင့် လာကြသနည်း" ဟု မေးမြန်းလိုက်ပါသည်။

ထိုအခါ ခရီးသွားကုန်သည်များ၏ခေါင်းဆောင်များက သူတို့သည် တိဘက်ပြည်မှဖြစ်ကြောင်း၊ တိဘက်ပြည် သားရေ များ၊ ဦးချိုများနှင့် ထူးဆန်းသည့်ပစ္စည်းများကို ဂျေရုဆလင်မြို့မှ ရွှေငွေ ကျောက်သံပတ္တမြားနှင့် အခြားအဘိုးတန်ဆေးဝါးတို့နှင့် ဖလှယ်ရန် လာကြကြောင်း ပြောပြ၏။ ကျွန်ုပ်သည် ခေါင်းဆောင်၏ စိတ်နေသဘော ထားကို သဘောကျမိသဖြင့် စကားပြောရင်းဆိုရင်းနှင့်ပင် လောက၌ အချို့လူတို့က ဆင်းရဲ၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းမာ၊ အချို့က ချည့်နဲ့လျက် အဘယ်ကြောင့် မညီမမျှမွေးဖွားကြသနည်း ဟူသော ရေဟူဒီဘုန်းကြီးများအား ပထမဆုံးမေးသည့် မေးခွန်းကို မေးကြည့်၏။

ထိုအခါ ကုန်သည်အဖွဲ့ခေါင်းဆောင်က -

"အို ချစ်လှစွာသောသူငယ်၊ လူသားများအနက် အချို့က ဆင်းရဲ၊ အချို့က ချမ်းသာ၊ အချို့က ပညာရှိ၊ အချို့က ပညာမဲ့၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းကျန်းမာမာ၊ အချို့က အင်အားချည့်နဲ့ အဖြစ်ဖြင့် တဦးနှင့်တဦး အသွင်မတူဘဲ မွေးဖွားကြရသည်မှာ အတိတ်ဘဝက ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကမ္မ သတ္တိတို့ကြောင့်ပင်ဖြစ်၏။ ရုပ်အဆင်းအားဖြင့် လှပချောမွေ့၍ လှပသော အဝတ်တန်ဆာတို့ကို ဝတ်ဆင်ပြီးလျှင် မှန် ရှေ့တွင် ရပ်လိုက်သောအခါ လှပ၍ကျက်သရေရှိသောအသွင်သဏ္ဌာန်သည် ထင်လာကာ ရုပ်အဆင်းအားဖြင့် ဆိုးဝါး ၍ စုတ်ပြတ်ဟောင်းနွမ်းသော အဝတ်တို့ကို ဝတ်ဆင်ထားသူတယောက်သည် မှန်ရှေ့တွင် ရပ်လိုက်သောအခါ အရုပ်ဆိုး၍ ကျက်သရေယုတ်လှသည့် အသွင်သဏ္ဌာန်သည် ထင်လာဘိသကဲ့သို့ အချို့လူသားတို့သည် အတိတ်ဘဝက ကမ္မသတ္တိကောင်းကြသဖြင့် စည်းစိမ်ဥစ္စာချမ်းသာကြ၏။ ရုပ်အဆင်းသဏ္ဌာန်လှကြ၏။ ပညာဉာဏ် ထက်မြက်ကြ၏။ ကျန်းမာသန်စွမ်းကြ၏။ ကိုယ်လက်အင်္ဂါ ပြည့်စုံကြ၏။ အသက်ရှည်ကြ၏။ အချို့လူသားတို့ကား အတိတ်ဘဝက ကမ္မသတ္တိ ညံ့ဖျင်းကြသောကြောင့် ဆင်းရဲနွမ်းပါးကြ၏။ အရုပ်ဆိုးအကျည်းတန်ကြ၏။ အသိဉာဏ် ကင်းမဲ့ ထုံထိုင်းကြ၏။ အင်အားချည့်နဲ့ကြ၏။ ကိုယ်အင်္ဂါ မပြည့်မစုံချို့တဲ့ကြ၏။ ဤကဲ့သို့ လူသားအချင်းချင်း တဦးနှင့် တဦး ကွဲပြားခြားနားကြရခြင်းမှာ အထက်ကပြောခဲ့သကဲ့သို့ အတိတ်ဘဝက ကမ္မသတ္တိ အဆိုးနှင့်အကောင်းအရသာ ဖြစ်၏။ မည်သည့် ထာဝရဘုရား၊ သို့မဟုတ် ယေဟိုးဝါ၏ ဖန်ဆင်းမှုကြောင့်မျှ မဟုတ်ချေ။ တနည်းအားဖြင့် ဥပမာ ပေးရသော် ဥယျာဉ်မှူးတယောက်သည် ချိုမွှေးသောအပင်ကို စိုက်လျှင် ချိုမွှေးသော အသီးကို စားရ၍ ခါးသောအပင် ကို စိုက်လျှင် ခါးသောအသီးကို စားရဘိသကဲ့သို့ ဖြစ်၏"

ကုန်သည်ခေါင်းဆောင်ကြီးက ဖြေလိုက်သည့်အဖြေကို ကြားလိုက်သောအခါ ကျွန်ုပ်သည် အလွန်ဝမ်းသာအားရဖြစ် ကာ သူ့အား "မည်သူဟောကြားသည့်တရားတို့ကို လိုက်နာပါသနည်း" ဟု မေးမိ၏။

ထိုအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို ချစ်လှစွာသောသူငယ်၊ ကျွန်ုပ်ကား ဗုဒ္ဓကိုယ်တော်မြတ် ဟောကြား တော်မူသော တရားကိုသာ လိုက်နာကျင့်သုံး၏။ ဗုဒ္ဓကိုယ်တော်မြတ်သည် လောကသုံးပါးတွင် ပညာအရှိ ဆုံး ဖြစ်သည်။ အလုံးစုံသော တရားတို့ကို အကြွင်းမဲ့သိတော်မူသည့် သဗ္ဗညုတရွှေဉာဏ်တော်ရှင်လည်း ဖြစ်သည်။ ဓမ္မစကြာတရားရှင်လည်း ဖြစ်သည်။ သစ္စာလေးပါး တရားတော်ကိုလည်း ပိုင်းခြားထင်ထင် သိမြင်တော်မူသည်။ အနန္တဉာဏ်တော်၊ အနန္တတန်ခိုးတော်ရှင်လည်း ဖြစ်တော်မူသည်" ဟု ပြန်၍ ဖြေကြား၏။ ထိုအခါ ကျွန်ုပ်သည် ဗုဒ္ဓ ကိုယ်တော်မြတ် ဟောကြားတော်မူသည့် တရားဒေသနာတို့ကို လိုက်နာကျင့်သုံးလိုလှသဖြင့် ကျွန်ုပ်၏မိတ်ဆွေသစ် ကုန်သည်ခေါင်းဆောင်ကြီးအား ကျွန်ုပ်ကို တိဘက်ပြည်သို့ ခေါ်ဆောင်၍ ဆရာတော်ကြီးတပါးထံ အပ်နှံပေးပါရန် တောင်းပန်လိုက်၏။ ကျွန်ုပ်က ဤကဲ့သို့ တောင်းပန်လိုက်သောအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို သူငယ်၊ ကျွန်ုပ်သည် သင့်အား ကျွန်ုပ်တို့တိဘက်ပြည်သို့ ခေါ်သွားလိုပါ၏။ သို့ရာတွင် သင်သည် အသက်အရွယ်အားဖြင့် အလွန်နုနယ်၍ မိဘနှစ်ပါးတို့၏ အုပ်ထိန်းခြင်းမှ မကင်းလွတ်သေးသဖြင့် သင်၏မိဘများကိုယ်တိုင် သင့်အား ကျွန်ုပ်၏ လက်တွင်းသို့ မအပ်နှံသမျှ ကျွန်ုပ်သည် သင့်အား တိဘက်ပြည်သို့ ခေါ်၍မသွားနိုင်ပါ" ဟု ပြန်၍ဖြေဆိုပါသည်။

ဤတွင် ကျွန်ုပ်က -

"အို မိတ်ဆွေ ကုန်သည်ခေါင်းဆောင်ကြီး၊ ဤကိစ္စနှင့်ပတ်သက်၍ စိုးစဉ်းမျှ မစိုးရိမ်ပါလင့်။ ကျွန်ုပ်သည် အသက် အရွယ် အားဖြင့် အလွန်နုနယ်လှသော်လည်း အသိပညာနှင့်ပတ်သက်သောအခါ မနုနယ်ပါ။ ရာထူးဌာနန္တရအားဖြင့် မြင့်မားသူ တဦးဖြစ်ပါသည်။ ကျွန်ုပ်၏ ခန့်ညားထယ်ဝါလှသည့် ဝတ်စုံနှင့် ဤအထိမ်းအမှတ်လက်စွပ်တို့ကိုကြည့်ပါ။ ကျွန်ုပ်သည် ဤမြို့မှ ရေဟူဒီဘုန်းကြီးများထဲတွင် အချုပ်အခြာဖြစ်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်မသိမမြင်ခဲ့ဘူးသည့် ယေဟိုးဝါ၏ မူမမှန်သောတရားတို့ကို မုန်းတီးရွံရှာလှသဖြင့် သစ္စာတရားကို မရရအောင်၊ မတွေ့တွေ့အောင် ရှာဖွေ လေ့လာမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် ကျွန်ုပ်၏ကျောင်းကို စွန့်ခွာခဲ့သူ ဖြစ်၏။ အကယ်၍သာ ကျွန်ုပ်သည် သင်နှင့် ယခုကဲ့သို့ မတွေ့ခဲ့ပါက သစ္စာတရားကိုရှာဖွေရန် တောကြီးမျက်မည်းထဲသို့ ရောက်နေမည်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ် သည် သင်နှင့် တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ၊ သင်က ခေါ်သည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ၊ ဤမြို့ ဤဒေသမှ အမှန်မုချ ထွက်ခွာမည် ဖြစ်သည်"

ကုန်သည်ခေါင်းဆောင်ကြီးသည် ကျွန်ုပ်၏ ရဲရင့်တိကျသောစကားနှင့် ပြင်းထန်သောဆုံးဖြတ်ချက်တို့ကို ကြားသော အခါ ကျွန်ုပ်အား တိဘက်ပြည်သို့ ခေါ်သွားရန်နှင့် တိဘက်ပြည်သို့ရောက်သောအခါ သူ ကိုးကွယ်ဆည်းကပ်သည့် ဆရာတော်ကြီးထံ အပ်နှံပေးရန် သဘောတူလေ၏။

ကံကောင်းထောက်ပံ့သဖြင့် ခရီးသွားကုန်သည်တို့သည် ထိုနေ့မှာပင် တိဘက်ပြည်သို့ ပြန်ကြရန် စီစဉ်ထားကြသော ကြောင့် ကျွန်ုပ်သည် ချက်ချင်းပင် သူတို့နှင့်အတူ တိဘက်ပြည်သို့ လိုက်သွားခွင့်ရခဲ့၏။ (၄)လကြာမျှ အလွန်ပြင်းပြင်း ထန်ထန်နှင့် ခရီးကြမ်းနှင်ခဲ့ကြပြီးနောက် ကျွန်ုပ်သည် တိဘက်ပြည်တောင်ပိုင်း မွန်ဘုန်းတော်ကြီးကျောင်း၊ ကျောင်း ထိုင်ဆရာတော် အရှင်အရိယပုတ္တမဟာထေရ် ထံသို့ရောက်ခဲ့၏။ ကျွန်ုပ်သည် တိဘက်ဘာသာစကားကို မတတ်ကျွမ်း သော်လည်း ခရီးသွားကုန်သည်ခေါင်းဆောင်ကြီး၏ အကူအညီဖြင့် အရှင်အရိယပုတ္တမဟာထေရ်မြတ်၏ ခြေတော်ရင်း တွင် ခိုလှုံလိုကြောင်း လျှောက်ထားနိုင်ခဲ့၏။

(ခရစ်တော်သက်တော်ထင်ရှားရှိစဉ်က တိဘက်တွင် ဗုဒ္ဓဘာသာမရောက်ခဲ့သေးပါ။ CE 200 ခန့်တွင်သာ ၄င်းနေရာသို့ ဗုဒ္ဓဘာသာ တဖြည်းဖြည်းဝင်ရောက် ပျံ့နှံ့ခဲ့ကြောင်း "Buddhism came to Tibet in 127 CE during the reign of King Thothori Nyantsen"http://www.rootinstitute.com/buddhism/buddhism-tibetan.html တိဘက်သို့ ဗုဒ္ဓဘာသာ ရောက်ခဲ့သည်မှာ ခရစ်တော်လူ့လောကသို့ ဆင်းကြွ၍ နှစ်ပေါင်း တစ်ရာကျော်မှ ရောက်ရှိခဲ့သလို ယခု ခရစ်တော် တပည့်ခံယူရန် သွားခဲ့သည်ဆိုသော တိဘက်တောင်ပိုင်းတွင်မူ စီအီး ၂၀၀ လောက်တွင်မှ ဗုဒ္ဓဘာသာ စတင်ပျံ့နှံ့ခဲ့ကြောင်းအထောက်အထားများကို ကြည့်ခြင်းအားဖြင့် 200C.E. • Buddhism begins to percolate into Tibetan region and teachings affect Bon religion in kingdom of Shang-Shung (South Tibet).http://www.buddhanet.net/e-learning/history/tib_timeline.htm ခရစ်တော်သည် တိဘက်တောင်ပိုင်းရှိ မွန်ဆရာတော်ထံတွင် တပည့်ခံယူကြောင်းနှင့် ခရစ်တော်၏ ၁၈နှစ်အတွင်း ဒိုင်ယာရီမှတ်တမ်း စာမျက်နှာ ၁၀၀ တွေ့ရှိခဲ့သည်ဆိုသည်မှာလည်း

In 105 he made a report to the emperor on the process of paper making, and received high praise for his ability. From this time paper has been in use everywhere and is called the "paper of Marquis Tsai."

In few years, the Chinese began to use paper for writing. http://www.silk-road.com/artl/papermaking.shtml

တရုတ်ပြည်က ကမ္ဘာပေါ်မှာ ပထမဦးဆုံး စာရွက်ထုတ်လုပ်နိုင်သူဖြစ်ခဲ့တာကို အခွင့်ကောင်းယူပြီး ခရစ်တော်ကိုယ်တိုင်ရေးခဲ့တဲ့ မှတ်တမ်းလို့လုပ်ကြံတာ တော်တော်ကြီး အပြစ်ကြီးပါတယ်... အထက်ပါ အထောက်အထားများအရဆိုရင် တရုတ်ပြည်မှာ စာရွက်ကို ဦးဆုံးထုတ်ခဲ့တာမှန်ပေမယ့် စာရေးဖို့အတွက် အသုံးပြုသည်မှာ စီအီး ၁၀၅ နောက်ပိုင်းတွင်သာ ဖြစ်သဖြင့်.. ခရစ်တော်၏မှတ်တမ်းများမှာ လုံးဝဖြစ်နိုင်ချေမရှိပါ။

ဆရာတော်မဟာထေရ်မြတ်သည် ကျွန်ုပ်အား အစမ်းသဘောဖြင့် (၆)လတိတိ သူ၏ခြေတော်ရင်းတွင် ပညာသင်ကြား ပေးကာ စောင့်ကြည့်ခဲ့၏။ ထိုအချိန်ကာလအတွင်း ကျွန်ုပ်သည် တိဘက်ဘာသာကို လေ့လာခဲ့၏။ (၆)လစေ့သော အခါ မဟာထေရ်မြတ်သည် ကျွန်ုပ်၏ ဆန္ဒပြင်းပြမှုကို ယုံကြည်စိတ်ချကာ ကျွန်ုပ်အား သံဃာအပါး ၃၀ ကျော်နှင့် အလွန်ကြီးမားလှသည့် ပရိဿတ်ရှေ့မှောက်၌ သာမဏေ ဇီဝကိရိတ ဟူသောဘွဲ့ (ဟေဗြဘာသာအရ "ယေရှု ခရစ်တော်") ဖြင့် ရှင်သာမဏေအဖြစ်နှင့် သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချီးမြှင့်တော် မူလေ၏။"

"တိမ်မြုပ်နေသော ခရစ်တော်၏ဟောပြောချက်များ" ဟူသောကျမ်းသည် စာမျက်နှာပေါင်း (၆၀၀)ကျော်ရှိရာ ထို ကျမ်းဂန် တခုလုံးကို ကုန်အောင် ဦးပဉ္ဇင်းဟာ အကြိမ် (၂၀) ထက်မနည်း ဟောရမယ်ဖြစ်တယ်။ ဒါကြောင့် ကျန်တဲ့ အပိုင်းကို အကျဉ်းချုပ်ပြီး ဟောပါရစေ။

သာမဏေရ ဇီဝကိရိတ (သို့မဟုတ်) ရှင်သာမဏေဟာ ၇နှစ်နှင့်၆လတိုင်တိုင် ရှင်သာမဏေတို့ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်သိက္ခာတို့ကို ကျကျနန ထိန်းသိမ်းခဲ့လေတော့ ရှင်အရိယပုတ္တမဟာထေရ်မြတ်က အသက် (၂၀) အရွယ်သို့ ရောက်တဲ့အခါမှာ ရဟန်းတော်အဖြစ် ဥပသမ္ပဒါ ပြုပေးတော်မူသတဲ့။

ရဟန်းတော် ရှင်ကိရိတ ဟာ စိတ်အားလည်း ထက်သန်၊ ဗုဒ္ဓရဲ့တရားကိုလည်း အလွန်ယုံကြည်ကိုးစားတော်မူတဲ့ အတွက် စာပေပရိယတ်ကိုလည်း တဖက်က သင်အံကျက်မှတ်၊ တဖက်က သမထတရားတို့ကို လေ့လာအားထုတ်နေ တော့ မကြာမီအတွင်းမှာ ဈာန်အဘိညာဉ်တွေကိုရပြီး တန်ခိုးတွေကို ပြနိုင်လာသတဲ့။ သူ့ရဲ့ဆရာတော် အရှင်အရိယ ပုတ္တ ကလည်း ရဟန္တာတပါး ဖြစ်လေတော့ ခရစ်တော်ရဲ့ အနာဂတ်အရေးကို သိမြင်တော်မူတယ်တဲ့။

ခရစ်တော်ဟာ အလွန်ဆိုးဝါးတဲ့ သေခြင်းတရားနဲ့ တွေ့ကြုံရမယ့် အရေးကို မြင်တော်မူသတဲ့။ ဒါကြောင့် ရဟန်းတော် ဇီဝကိရိတ က သူ့အရပ် သူ့ဌာနသို့ ပြန်ရန် အခွင့်တောင်းတော့ အခွင့်မပြုဘဲ ငြင်းဆန်နေသတဲ့။ ဒါပေမယ့် တကြိမ်မျှ သာမဟုတ်ဘဲ အကြိမ်ကြိမ် အဖန်ဖန်လျှောက်ထား တောင်းပန်လေတော့ -

"အို ချစ်သား ဇီဝကိရိတ၊ ချစ်သားဟာ အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ချစ်သားအား သွားခွင့်ပြု မယ်။ ဆရာတော်လိုလားတဲ့အချက်တွေကတော့

(၁) အကယ်၍ ရေဟူဒီလူမျိုးများ (သို့မဟုတ်) ဣသရေလလူမျိုးများကသင့်အား တံတွေးများထွေး၍ ရှုံ့ချကဲ့ရဲ့ကြသည့် တိုင်အောင်၊ ခဲအုတ်များနှင့် ပေါက်သည့်တိုင်အောင်၊ ဆဲရေးတိုင်းထွာသည့်တိုင်အောင် ချစ်သားက ချစ်သား၏ ဈာန် အဘိညာဉ်တန်ခိုးကို အသုံးပြု၍ မတုံ့ပြန်ပါနှင့်။

(၂) အကယ်၍ တစုံတယောက်သောသူက သင့်အား မဟုတ်မမှန် မတရားသဖြင့် စွပ်စွဲသည့်တိုင်အောင် ချစ်သားက ပကတိ တည်ငြိမ်သောသဘောနှင့် သည်းခံရမည် ဖြစ်၏။

(၃) အကယ်၍ တစုံတယောက်သောသူက သင်၏မျက်မှောက်မှာပင် ဗုဒ္ဓကိုယ်တော်မြတ်ကိုလည်းကောင်း၊ တရား တော်မြတ်ကို လည်းကောင်း၊ သံဃာတော်အရှင်မြတ်တို့ကိုလည်းကောင်း၊ သွားပုပ်လေလွင့် မတရားသဖြင့် ပြောသည့် တိုင်အောင် နည်းပရိယာယ်ကို သုံးလျက် သူတို့၏မိုက်မှားမှုကို သိမြင်လာအောင် ဟောပြောညွှန်ပြရမည် ဖြစ်၏။ အကြောင်းသော်ကား သူတို့သည် ဘာမျှမသိမမြင် နားမလည်ကြ၍သာ ပြုမူကြခြင်းဖြစ်ရာ သူတို့အား အပြစ်မှ အခွင့် လွှတ်ရမည် ဖြစ်၏။

(၄) အကယ်၍ တစုံတယောက်သောသူက အထင်အမြင်လွဲမှားသည်ရှိသော် နားလည်လာသည့်တိုင်အောင် ဥပမာ ဥပမေယျ များကိုဆောင်ကာ ဟောပြောရှင်းလင်းရမည်ဖြစ်၏။

(၅) မည်ကဲ့သို့ပင်ဖြစ်စေ၊ သင့်အား ကန့်လန့်ဆန့်ကျင်ပြုလုပ်နေကြသည့် သင်၏ရန်သူများအား မုန်းတီးခြင်း၊ ဒေါသ ဖြစ်ခြင်း စသည့် အရိပ်လက္ခဏာတို့ကို မပြပါနှင့်။

(၆) သင်သည် အခါမလပ် မမေ့မလျော့သောစိတ်ဓါတ်နှင့်ဈာန်အဘိညာဉ်တရားတို့ကိုပွားများပါလေ။ မေတ္တာကမ္မဋ္ဌာန်း ကို ပွားများကာ ကမ္ဘာလောကကြီးတဝှမ်းလုံးကို သင်၏မေတ္တာကရုဏာတရားဖြင့် လွှမ်းမိုးပါစေ။

(၇) အကယ်၍ တစုံတယောက်သောသူ (သို့မဟုတ်) လူတစုက သင့်အားရိုက်နှက်သတ်ဖြတ်စေကာမူ သေသည်အထိ အသိတရားကင်းမဲ့စွာ မိုက်မှားသူတို့အပေါ်တွင် မေတ္တာ၊ ကရုဏာတရားများ ပွားများကာ နောက်ဆုံးသေသည့်အချိန် အထိ ဗုဒ္ဓကိုယ်တော်မြတ်၏ ဂုဏ်တော်တရားကို အခါမလပ် ဆင်ခြင်အောက်မေ့ပါလေ။ သို့မှသာလျှင် သင်သည် သေ သည်၏အခြားမဲ့၌ အလွန်ချမ်းသာသုခနှင့် ပြည့်စုံသော ဗြဟ္မာ့ဘုံသို့ ရောက်မည်ဖြစ်၏။

ချစ်သား၊ သင်သည် ဤအချက် (၇)ချက်ကို လိုက်နာကျင့်သုံးပါမည်ဟု ကတိပေးခဲ့လျှင် သင်သည် ရေဟူဒီလူမျိုးများ အား မည်သည့်နည်းနှင့်မျှ မပြုပြင် မပြောင်းလဲနိုင်မှန်းကို သိလျက်နှင့် အခွင့်ပေးရချေမည်။ သင်သည် ဣသရေလ လူမျိုးများအား ပြုပြင်နိုင်သော်လည်း သူတို့သည် သင်၏တရားများကို အထင်အမြင်မှားကာ သင်ကွယ်လွန်ပြီးနောက် သင်ဟောပြောသည့်တရားတို့ထဲမှ (၁) ချစ်ခင်ကြင်နာခြင်း၊ (၂) ကရုဏာပွားများခြင်း၊ (၃) လေးစားခြင်း၊ (၄) ဥပေက္ခာ ပြုခြင်း၊ (၅) သည်းခံခြင်း၊ (၆) အပြစ်မှခွင့်လွှတ်ခြင်း (၇) ကြိုးပမ်းအားထုတ်ခြင်း စသည့် အချက်အလက်တို့ကိုသာ ဆက်လက်ထိန်းသိမ်း၍ သင်၏နာမည်ဖြင့် ဘာသာအယူဝါဒတရပ်ကိုထူထောင်ကြလိမ့်မည်" ဟူ၍ အမိန့်ရှိကာ အရိယ ပုတ္တ မထေရ်မြတ်ဟာ ဇီဝကရိတ အား ပြန်ခွင့်ပြုလိုက်တယ်။ ဇီဝကရိတကလည်း သူ့ရဲ့ဆရာတော် အမိန့်ရှိတော်မူတဲ့ အချက်အလက်တွေကို သေသည်အထိ လိုက်နာကျင့်သုံးပါ့မယ်လို့ ကတိကဝတ်ပြုကာ သူရဲ့ နေရပ်ဌာနသို့ ပြန်လာခဲ့ တယ်။

အဲဒီနောက် ယုဒယာမြို့မှာ ခရစ်တော် ပထမဦးဆုံး တရားဟောတဲ့အခါမှာ တရားနာသူတွေက ယေဟိုးဝါဘုရားသခင် ကိုယ်တော်မြတ်ရဲ့ တရားတွေမဟုတ်ဘဲ ဗုဒ္ဓကိုယ်တော်မြတ် ဟောတဲ့တရားတွေသာ ဖြစ်တယ်လို့ဆိုပြီး သူ့ကို ဝိုင်းပြီး ပုတ်ခတ် ပြောဆိုကြတယ်။ ဂျေရုဆလင်နဲ့ ဘသာလီဟန်မြို့တွေမှာဟောပြန်တော့လည်း ဒီအတိုင်းဘဲ ဖြစ်ရပြန်တယ်။ သူတို့က သူဟောတဲ့တရားတွေဟာ ဘယ်လောက်ပဲကောင်းကောင်း တနည်းနည်းနဲ့တိုက်ဖျက်ကာ ရှုံ့ချပုတ်ခတ်ကြ သတဲ့။

ဒီလိုအဖြစ်အပျက်နဲ့ရင်ဆိုင်ရတဲ့အခါမှာ ခရစ်တော်ဟာ သူ့ရဲ့ဆရာ အရိယပုတ္တမထေရ်က သူ့ကိုမှာလိုက်တဲ့ ပရိယာယ် သုံးရမယ်ဆိုတဲ့စကားကို အမှတ်ရပြီး သူဟောတဲ့တရားဟာ ယေဟိုးဝါဟောတဲ့ တရားများဖြစ်ကြောင်း၊ သူဟာ ယေဟိုးဝါရဲ့ သားတော်ဖြစ်ကြောင်းဖြင့် လှည့်စားပြီး ပြောလိုက်သတဲ့။

(ပြောခဲ့ပြီးသားဖြစ်ပေမယ့် အထပ်ထပ်ပြန်ထောက်ပြဖို့ လိုနေလို့ ထပ်ပြောပါရစေ.. သူ့အသက် ၁၂ နှစ်အရွယ်မှာ ကျမ်းတတ်ပုဂ္ဂိုလ်တွေနဲ့ ၃ ရက်လုံးလုံး ဆွေးနွေးနိုင်တဲ့ ခရစ်တော်က သူ့မယ်တော်မာရိက ဘာဖြစ်လို့ မိဘတွေကို စိတ်ပူအောင် လုပ်ရတာလဲလို့ မေးတဲ့အချိန်မှာ .. ခရစ်တော်ဖြေခဲ့ပါတယ်... ``ယေရှုက မိဘသည် အဘယ်ကြောင့် ကျွန်ုပ်ကို ရှာရပါသနည်း။ ကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင် သူတို့သည် ထိုစကားကို နားမလည်ကြ။´´ .. အခုတော့နားလည်လောက်ပြီထင်ပါတယ်.... အသက်၁၂နှစ်အရွယ်ကတည်းက ဘုရားကျောင်းဗိမာန်တော်ဟာ သူ့အဘရဲ့အိမ်လို့ ပြောခဲ့တာဟာ.. အဲဒီ ၁၂နှစ်သားအရွယ်ကတည်းက သူဟာ ဘုရားသခင်ရဲ့သားတော်လို့ ၀န်ခံထားခဲ့ပြီးသားပါ...

ဆရာတော်စွပ်စွဲသလို မွန်ဆရာတော်ရဲ့စကားကို အဓိပ္ပါယ်ကောက်လွဲပြီး ပရိယာယ်ဆင်တာလဲ မဖြစ်နိုင်ပါဘူး။

အမှန်ကတော့ သူဟာ ပရိယာယ်သုံးရမယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်အကောက်မှားပြီး ယခုလိုလှည့်စားလိုက်ခြင်းဖြစ်တယ်။ ဒီလိုအလှည့်စား မှားလိုက်တဲ့အတွက် ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာကပ်ပြီး ရေဟူဒီဘုန်းကြီးများနဲ့ ရောမလူမျိုးတို့ရဲ့ အသတ်ခံသွားရသတဲ့။

(ခရစ်တော်ရဲ့ဖြူစင်တဲ့ဘ၀၊ စွန့်လွှတ်ခြင်း၊ အမှန်တရားကို မြတ်နိုးခြင်းတွေကို ထပ်မံစော်ကားပြီး သူ့အားနောက်တစ်ကြိမ် သတ်ခြင်းသာဖြစ်သည်)

ခရစ်တော်ဟာတန်ခိုးပြာဋိဟာတွေကိုပြနိုင်ပေမယ့် ရေဟူဒီလူမျိုးတွေနဲ့ ရောမလူမျိုးတွေရဲ့ နှိပ်စက်မှုတွေကို သေသည် အထိ တည်ငြိမ်စွာနဲ့ပဲ ခံသွားရှာတယ်။ သူဟာ သူ့ရဲ့ဆရာက မှာလိုက်တဲ့အတိုင်း မည်သည့် ဈာန်အဘိညာဉ်ကိုမျှ မသုံးတဲ့ တကယ့်အာဇာနည်ပုဂ္ဂိုလ်ပီပီ သေခြင်းတရားကို ရင်ဆိုင်သွားခဲ့တယ်။ ဒါကြောင့် ရေဟူဒီလူမျိုးတွေဟာ ခရစ် တော်လို သူတော်ကောင်းတယောက်ရဲ့အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်မိကြတဲ့အတွက် ယနေ့အထိ ကိုယ့် တိုင်းပြည်ရယ်လို့ လက်ညှိုးထိုးပြစရာ တိုင်းပြည်မရှိဘာမရှိနဲ့ ကလေကဝ ဖြစ်နေကြရတာပေါ့။

အဲဒီ ပါမောက္ခ မစ္စတာဂိုးရစ်(ခ်)တွေ့ရှိထားတဲ့ မှတ်တမ်းအရ ခရစ်တော်ဟာ ထာဝရဘုရားသခင်ရဲ့ သားတော် မဟုတ် ဘူး ဆိုတဲ့အကြောင်းကို ကောင်းကောင်းကြီးလက်ခံနိုင်ပြီမဟုတ်လား။ ဒါပေမယ့် သူက - "ကျွန်ုပ်ကား ထာဝရဘုရား သခင် ယေဟိုးဝါ၏သားတော်ဖြစ်သည်" ဟူသော စကားကိုပြောကာ ရေဟူဒီလူမျိုးတွေနဲ့ ဣသရေလလူမျိုးတွေကို သူ့ တရားကို လိုက်နာကြပြီး သူ့နောက်သို့လိုက်လာအောင် ပရိယာယ်သုံးခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ဆရာတော်က နိမိတ် ဖတ် လိုက်တဲ့အတိုင်းပဲ သူ့ရဲ့နောက်လိုက်တွေက သူ့ရဲ့ဟောပြောချက်တွေကို တမျိုးတဖုံ သူတို့လိုသလို ဆွဲသုံးကြပြီး ယေဟိုးဝါ ကိုရော၊ ခရစ်တော်ကိုပါ ကိုးကွယ်ဆည်းကပ်ကြတယ်။

"ကျွန်ုပ်သည် ယေဟိုးဝါထာဝရဘုရားသခင်၏ ဓမ္မဟောင်းကို ပယ်ဖျက်ပြီး ဓမ္မသစ်ကိုတီထွင်သည်။ ကျွန်ုပ်သည် ဘုရား တန်ဆောင်းဟောင်းကို ဖြိုဖျက်၍ ဘုရားတန်ဆောင်းသစ်ကို တည်ဆောက်သည်။ ကျွန်ုပ်သည် အရေတော်ကို ဖြတ်လှီး၍ဘာသာအယူဝါဒရေးရာအရ ကင်ပွန်းတပ်သည့် ထုံးတမ်းဓလေ့ကို တီထွင်သည်" ဟူသော ခရစ်တော်ရဲ့ သုံး ခွန်းသော စကားတို့ကို သူ့ရဲ့နောက်လိုက်များက မှားယွင်းတဲ့ အနက် အဓိပ္ပာယ်ဖြင့် ကောက်ယူခဲ့ကြတယ်။

အဲဒီ (၃)ခွန်းကို ခရစ်တော် ဘယ်ကျမ်းပိုဒ်မှာ ပြောခဲ့ပါသလဲ..ဆရာတော်ရဲ့ ကြီးမားသော လိမ်လည်ယုတ်မာမှုတစ်ခုသာဖြစ်ပါတယ်..

ကျမ်းပိုဒ်နှင့်တကွ သက်သေပြပါမယ်..

၁) မဿဲ ၅း ၁၇ ``ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်၊ ပြည့်စုံစေခြင်းငှာ ငါလာသတည်း´´

၂) မာကု ၁၄း ၅၈ ``လူတို့လက်ဖြင့်လုပ်သော ဤဗိမာန်တော်ကို ဖြိုဖျက်၍ လူတို့လက်ဖြင့်မလုပ်သော ဗိမာန်တော်တဆူကို တည်ဆောက်မည်။´´၊ ယောဟန် ၂း ၁၉ ``ယေရှုကလည်း ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။ ၂၁-၂၂ ထိုသို့ မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကို အမှတ်ပြု၍ မိန့်တော်မူ၏။´´

၃) ``ကျွန်ုပ်သည် အရေတော်ကိုဖြတ်လှီး၍ ဘာသာအယူဝါဒရေးရာအရ ကင်ပွန်းတပ်သည့် ထုံးတမ်းဓလေ့ကို တီထွင်သည်´´လို့ ဆရာတော်က ဆရာတော်ဖြစ်ပြီး လုပ်ကြံတာက သိပ်ကို အရုပ်ဆိုး အကြည်းတန်လွန်းပါတယ်..

လုကာ ၂း ၂၁ ``ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ရောက်လျှင် ပဋိသန္ဓေစွဲတော်မမူမီ ကောင်းကင်တမန်မှည့်သော ယေရှုအမည်ဖြင့် မှည့်ကြ၏။ ထို့နောက် မောရှေ၏ ပညတ်တရားအတိုင်း စင်ကြယ်ခြင်းကို ပြုရသော နေ့ရက်စေ့သောအခါ မိဘတို့သည် သူငယ်ကို ယေရငရှလင်မြို့သို့ ဆောင်သွား၍ သားဦးယောက်ျားအပေါင်းတို့သည် ဘုရားအဖို့ သန့်ရှင်းရကြ၏ဟု ထာဝရဘုရား၏ ပညတ္တိကျမ်းလာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ၏´´

အခုဖော်ပြတဲ့ ကျမ်းစာအထောက်အထားတွေကို ဆရာတော် သေသေချာချာဖတ်ပြီးမှ ကိုယ့်ကိုယ်ကိုယ်မှားကြောင်း ၀န်ခံလိုက်ပါ။ ကျွန်ုပ်သည် အရေတော်ကိုဖြတ်လှီး၍ ဘာသာအယူဝါဒရေးရာအရ ကင်ပွန်းတပ်သည့် ထုံးတမ်းဓလေ့ကို တီထွင်သည် ဆိုတဲ့ ဆရာတော်ရဲ့ လိမ်လည်မှုကြီးကို ရိုးသားစွာဝန်ခံလိုက်ပါ။ ဘာ့ကြောင့်လဲဆိုရင် အဲဒီအစဉ်အလာဟာ ဂျူးတွေက ခေတ်အဆက်ဆက်ကျင့်သုံးလာတဲ့ မိုးဇယ်ရဲ့ ပညတ်တိကျမ်းထဲက ကျင့်စဉ်တစ်ခုပါ။ အဲဒီအစဉ်အလာကို ခရစ်တော်ကိုယ်တိုင် ၈ရက်သားအရွယ်မှာတင် လုပ်ဆောင်ခဲ့တဲ့အရာပါ။ သူတီထွင်ခဲ့တဲ့အရာမဟုတ်ပါဘူး။ ဆရာတော်ဟူသည့်ဂုဏ်ပုဒ်ကိုသုံး၍ မဟုတ်မမှန်သောစကားများဖြင့် ဖြူစင်သော ခရစ်တော်၊ ဗုဒ္ဓဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင်များအား နောက်တဖန် စော်ကားမှုများ မပြုလုပ်ရန် ပြောကြားလိုပါသည်။။

ဆက်ရန်ရှိပါသေးသည်...


Friday, 5 August 2011

မေးမြန်းသူ -ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ နှင့် ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)တို့၏ ဆွေးနွေးခန်း အမေးအဖြေ (၃)

နောက်ဆုံးမေးခွန်းမှာ အဖြေက မပြတ်ခဲ့လို့ဒီမှာပဲ ပြန်ဆက်လိုက်ပါတယ်..

ဆရာတော်နဲ့ ၀စ်လဆင်ဟာ ဘာသာရေးမှာ အပြန်အလှန် ဆွေးနွေးနှီးနှောဖလှယ်နေခြင်းထက် ဆရာတော်က အရှေ့ကရွတ်ပြတာကို ၀စ်လဆင်က လိုက်လံ ခေါင်းညိတ်ပြီး ဆရာတော်ရဲ့ အလိုတော်အတိုင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ထောက်ခံသည်ချည်း ဖြစ်နေတာ တွေ့ရမှာပါ။

ဆရာတော်။ ဒါဖြင့် ဒကာကြီးတို့ရဲ့ ခရစ်ယာန်ဘာသာမှာ လျှို့ဝှက်တဲ့ အမှန်တရားများပါဝင်လျက်ရှိတယ်ပေါ့။ ဒါဖြင့်ရင် ခရစ်ယာန်ဘာသာတရားတော်ဟာမပြည့်စုံသေးဘူးလို့ ဆိုရပေလိမ့်မယ်။ ယခုတိုင် ခရစ်ယာန်ဘာသာတရား နဲ့ ဆိုင်ရာ တရားအချို့ဟာ မှောင်ထဲမှာပဲ ရှိနေသေးတယ်ပေါ့။ ဟုတ်သလား ဒကာကြီး။

ဝစ်လဆင်။ တပည့်တော်မှာ အခြားအဖြေပေးစရာမရှိလေတော့ ဟုတ်ပါတယ်လို့ပဲ ဝန်ခံရမှာပဲ ဆရာတော်။

ဆရာတော်ကလည်း တစ်ဖက်သတ်စွပ်စွဲသလို ၀စ်လဆင်ကလည်း ကျေကျေနပ်နပ်ကို လက်ခံသဘောတွေ့နေကြပါတယ်...

ဘာဖြစ်လို့ ခရစ်ယာန်ဘာသာတရားက အမှောင်ထဲမှာ ရှိနေရမှာလဲ.. ခရစ်တော်ဟာ အလင်းဖြစ်တဲ့အကြောင်း၊ သူ့နောက်ကို လိုက်သူတွေဟာ အမှောင်ထဲမှာ မသွားမလာ အလင်းထဲမှာ ရှိနေတယ်ဆိုတာ ကျမ်းစာထဲမှာ ခရစ်တော်ကိုယ်တိုင် ပြောခဲ့ပါတယ်..

ရှင်ယောဟန် ၈း ၁၂ ``တဖန်တုံယေရှုက ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏ အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။

ခရစ်တော်ကို ဘုရားသခင်ရဲ့သားတော်၊ ကယ်တင်ရှင်အဖြစ်ယုံကြည်ကိုးကွယ်နေသူ၊ ဘုန်းတော်ကြီးအဖြစ်သာသနာပြုနေသူ မှန်နေရင်.. ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကျမ်းစာနဲ့ အဖြေပေးသင့်တာကို မပေးခဲ့ဘဲ.. ဗုဒ္ဓဆရာတော်မေးသမျှကိုသာ ထောက်ခံခဲ့ပါတယ်.. .. လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ခရစ်တော်ကို ဘာပြစ်မှုမှ မကျူးလွန်ဘဲ အမှန်တရားကို ပြောခဲ့လို့ ရက်ရက်စက်စက်သတ်ခဲ့သလို အခုလည်း ဆရာတော်နဲ့ ၀စ်လဆင်တို့နှစ်ဦးပေါင်းပြီး ခရစ်တော်ကို သတ်ကြပြန်တယ်.. ဒါပေမယ့် ဆိတ်ကွယ်ရာမှာ ရှိသမျှအားလုံးပေါ်မှာပါပဲ... မဟုတ်တာ မတရားတာလုပ်ရင် တစ်နပ်စာပဲ ရမှာပါ.. ကိုယ့်သမိုင်းတစ်လျှောက်မှာတော့ အမည်းစက်ကြီးကို ပိုက်ထွေးသွားရမှာပါ...

ဆရာတော်။ ခရစ်တော်ရဲ့ ဒီ(၁၈)နှစ်လုံးလုံး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ဘဝကို အမေရိကတိုက် ချီကာဂိုမြို့က ကမ္ဘာကျော်ခရီးလှည့်လည်သူ သုတေသနပုဂ္ဂိုလ် ပါမောက္ခ ဂိုးရစ်(ခ်)ရဲ့ မှတ်တမ်းအရ ဦးပဉ္ဇင်း ယခု ရှင်းလင်းပြပါ့မယ်။ ဒကာကြီး ဂရုစိုက်ပြီး နားထောင်စေချင်ပါတယ်။ (ခရစ်တော်အကြောင်းဆိုလို့ ကျမ်းစာထဲမှာ ပါသလောက်လေးကိုတောင် တစ်ခေါက်ပြည့်အောင် မဖတ်လောက်ဖူးလို့ထင်ရတဲ့ ဆရာတော်ဟာ ပါမောက္ခဂိုးရစ်ရဲ့ မှတ်တမ်းကိုတော့ စိတ်ဝင်တစားလေးရှိရှာတာ ၀မ်းပဲသာရမလိုလိုပါပဲ)ပါမောက္ခ ဂိုးရစ်(ခ်)ဟာ တိဘက်ပြည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှ ခရစ်တော်ကိုယ်တိုင် ဟေဗြဲဘာသာနဲ့ ရေးသားထားတဲ့မှတ်စုကို ရခဲ့ပြီး ၁၉၂၅ခုနှစ်က "ခရစ်တော်၏ မသိသေးသော သွန်သင်ဟောပြောချက်များ" (The untold teachings of the Christ by Prof. Goldricke 1925) ဆိုတဲ့ နာမည်နဲ့ စာအုပ်တအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ ခရစ်ယာန်ဘာသာကို အလွန်သက်ဝင်ယုံကြည်တဲ့ ပါမောက္ခ ဂိုးရစ်(ခ်)ဟာ (၁၈)နှစ်လုံးလုံး ခရစ်တော် ဒီလိုနစ်မြုပ်ကွယ်ပျောက်နေတဲ့အကြောင်းကို အလွန်သိလိုလှလို့ အမေရိက မှာရှိတဲ့ ခရစ်ယာန်ဘာသာဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့ကို မေးမြန်းကြည့်တယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူက မှ သူ့ကိုရှင်းလင်းမပြောနိုင်ခဲ့ဘူး။ (မိဘနဲ့အတူရှိနေတဲ့ပြီး မိသားစုနဲ့အတူရှိနေခဲ့ပြီး စကားနားထောင်လျက်နေခဲ့တယ်လို့ ကျမ်းစာထဲမှာ ဖော်ပြခဲ့ပြီးသားပါ။ ဘာမှ မလုပ်ဘဲ လုပ်ပါတယ်လို့ ပြောရမလိုဖြစ်နေပြီ) ဒါနဲ့ပဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူကိုယ်တိုင် သုတေသနလုပ်ငန်း ထွက်လုပ်တယ်။ ဒီလို ဘယ်သလီဟန်၊ ဂျေရုဆလင်၊ ကိုင်ရို၊ တူရကီ၊ အိန္ဒိယနဲ့ တိဘက်ပြည်တွေမှာ အားတက်သရော ကြိုးပမ်းပြီး လိုက်လံ စုံစမ်းတော့ နောက်ဆုံး တိဘက်ပြည်တောင်ပိုင်းမွန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် မဟာထေရ်မြတ် ကို ခရစ်တော်ကိုယ်တိုင် စာရွက်ပေါင်း (၁၀၀)ပေါ်မှာ သူကိုယ်တိုင် ဒီ(၁၈)နှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေကို မှတ်တမ်းတင်ပြီး ကြိုးနဲ့ ကျကျနန ချည်နှောင်ကာ သူ့ကို တရားဓမ္မများ ဟောပြောသွန်သင်တဲ့အနေနဲ့ ကန်တော့ခဲ့တဲ့ မှတ်တမ်းကို ရခဲ့တယ်။ အဲဒီမှတ်တမ်းထဲမှာ ခရစ်တော်ကိုယ်တိုင် အောက်ပါအတိုင်း ရေးသားထားတာ ကို တွေ့ရှိရတယ်လို့ ဂိုးရစ်(ခ်)က ရေးသားပြတယ်။

"ကျွန်ုပ်အား အသက်(၁၂)နှစ်အရွယ်သို့ရောက်သောအခါ ရေဟူဒီလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ ရေဟူဒီဘုန်း တော်ကြီးကျောင်းသို့ နွေဦးရာသီပွဲတော်အတွင်း ခေါ်သွားကြပါသည်။ ထိုရေဟူဒီကျောင်း၌ ရေဟူဒီဆရာတော်ကြီးများ သည် ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း၊ သူ၏ကရုဏာ၊ သူ၏ဒေါသအမျက်၊ သူ၏တရားမှန်ကန်ခြင်း စသည့် တရား တို့ကို ဆွေးနွေးနှီးနှောနေကြ၏။ ကျွန်ုပ်အဘိုး၏ အရှိန်အဝါဖြင့် ကျွန်ုပ်သည် ရေဟူဒီဘုန်းတော်ကြီးများအား ကျွန်ုပ် မသိနားမလည်သည့် အချက်တို့ကို ဝင်၍ မေးမြန်းခွင့်ရရှိခဲ့၏။ (ကျမ်းစာထဲမှာတော့ ခရစ်တော်ရဲ့ အဘိုးယာကုပ်ကို သူ့ရဲ့ ဆွေစဉ်မျိုးဆက်စာရင်းထဲမှာကလွဲရင် အရှိန်အ၀ါဘယ်လောက်ကြီးတယ်ရယ် မပါပါဘူး)

ကျွန်ုပ် ပထမဦးဆုံး မေးမြန်းသည့် မေးခွန်းကား -

"ယေဟိုးဝါသည် အချို့ကို လူချမ်းသာ၊ အချို့ကို လူဆင်းရဲ၊ အချို့ကို ပညာရှိ၊ အချို့ကို လူ့အန္ဓ၊ အချို့ကို လူကောင်း၊ အချို့ကို လူယုတ်မာ၊ အချို့ကို ရုပ်ရည်အလှအပ၊ အချို့ကို အရုပ်ဆိုးအကြည့်တန်၊ အချို့ကို အသက်ရှည်ရှည်၊ အချို့ကို အသက်တိုတို၊ အချို့ကို မျက်စိအကောင်း၊ အချို့ကို မျက်စိမမြင်၊ အချို့ကို ကျန်းကျန်းမာမာ၊ အချို့ကို ရောဂါသည်၊ အချို့ကို အားအင်အကောင်း၊ အချို့ကို အားအင်အချည့်အနဲ့ အစရှိသည်ဖြင့် လူအချင်းချင်း ကွဲပြား ခြားနားစွာ အဘယ်ကြောင့် ဖန်ဆင်းထားပါသလဲ" ဟု ဖြစ်၏။

ထိုအခါ ရေဟူဒီဘုန်းတော်ကြီးများနှင့် ပရိဿတ်အားလုံးသည် အံ့အားသင့်သွားကြ၍ ကျွန်ုပ်၏မေးခွန်းကို မဖြေနိုင် ကြသဖြင့် -

"အို သူငယ်၊ ဤအချက်ကို ယေဟိုးဝါသာလျှင် သိနိုင်သည်" ဟု ရေဟူဒီဘုန်းတော်ကြီးများက ပြန်ပြောကြ၏။

ဒီနေရာမှာ နည်းနည်းပြောချင်တာက ခရစ်တော်ဟာ ခမည်းတော်ရဲ့ရင်ခွင်ထဲက တစ်ပါးတည်းသော သားဖြစ်တဲ့အတွက် ခမည်းတော်သိသမျှ သူသိတယ်.. သူမေးခွန်းမေးပြီး ဆွေးနွေးတယ်ဆိုတာ.. ကျမ်းတတ်ဆရာတွေရဲ့ မပြည့်ဝသေးတဲ့ အယူအဆတွေကို ပြုပြင်ထောက်ပြတဲ့အနေနဲ့ ကျမ်းတတ်ဆရာတွေကြားထဲမှာ ၀င်ရောက်ဆွေးနွေးခဲ့တဲ့သဘောပါ.. အဲဒီအတွက်လည်း ကျမ်းစာအထောက်အထားရှိပါတယ်...

(ဒါပေမယ့်.. ဒီမေးခွန်းကို လုပ်ကြံခဲ့တဲ့ ဆရာတော်နဲ့ ၀စ်လဆင်တို့ဟာ ဒီမေးခွန်းကို သိချင်နေပုံရလို့ ကျွန်မပဲ ခရစ်ယာန်တစ်ယောက်အနေနဲ့ သွန်သင်ခံရမှုကို ရှင်းပြပေးပါ့မယ်...

ကျမ်းစားထဲမှာ ဖော်ပြထားတဲ့အရဆိုရင် ဘုရားက ဖန်ဆင်းခဲ့တုန်းက အာဒံနဲ့ဧ၀သိပ်လှတဲ့ ဧဒင်ဥယျာဉ်မှာ နေခဲ့ရတာပဲလေ.. ဘုရားပေးထားတဲ့ မွေးရာပါ ဦးနှောက်နဲ့ နှလုံးသားတွေကို ကောင်းကောင်းအသုံးမချခဲ့လို့ ဥယျာဉ်ထဲက နှင်ထုတ်ခံရတယ်.. မွေးရာပါ ဘုရားပေးထားတဲ့ အစွမ်းအစတွေကို ကောင်းကောင်းအသုံးမချနိုင်လို့၊ အသုံးချခွင့်မရှိကြတာလဲ ပါမယ်.. ဆင်းရဲ၊ ချမ်းသာ၊ ပညာရှိ၊ ပညာမဲ့၊ ရုပ်ရည်၊ ကိုယ်လက်အင်္ဂါပြည့်စုံ၊ မပြည့်စုံ အားလုံးက ဘုရားပေးတုန်းက အကောင်းပါပဲ.. လူတွေက လူပီပီသသအသုံးမချရင် အဲဒီလိုပဲ ကွာခြားသွားရမှာပဲလေ.. ဘုရားကတော့ ခံစားခွင့်၊ စံစားခွင့်တွေပေးထားတယ်... ကိုယ်ပိုင်စဉ်းစားခွင့်၊ ရွေးချယ်ခွင့်တွေပေးထားပါလျက် ကောင်းကောင်းအသုံးချမချကိုယ့်အပေါ်မှာပဲ မူတည်တယ်.. လတ်တလောအခြေအနေကိုပဲ ကြည့်လိုက်ရင်လဲ.. သိပ်ကို ယဉ်ကျေးလာပါပီဆိုတဲ့ လူသားတွေ ခုချိန်ထိ ဦးနှောက်ရှိပေမယ့် မစဉ်းစားဘူး၊ နှလုံးသားပါပေမယ့် မေတ္တာတရားမထား ကြတော့ သူတို့နဲ့ ဆက်နွယ်ရာလူတွေ ဒုက္ခရောက်ရတာပဲ..ထူးဆန်းတာတစ်ခုက ဘယ်လောက်ပဲ ဒုက္ခတွင်းထဲရောက်နေပါစေ.. လူတွေဟာ ကိုယ့်အသက်ကိုယ်တော့ တန်ဖိုးထားနေကြတာပဲ.. အမှန်တော့ လူမှာ ဘုရားပေးထားတဲ့ ငွေနဲ့ဝယ်စရာမလိုပါဘဲ ဦးနှောက်ကြီး ပိုင်ဆိုင်ထားပါလျက်နဲ့ လူပီသအောင် မနေချင်ဘဲ တိရိစ္ဆာန်သာသာလောက်ပဲ ပြုမူချင်တာမကောင်းပါဘူး.. ဘုရားက ကျွန်မတို့တွေကို လူအဖြစ်ဖန်ဆင်းခဲ့တာပါ.. လူလိုစဉ်းစားပြီး လူလိုနေထိုင်ကျင့်ကြံဖို့က ကိုယ့်တာဝန်ပါလို့..ဒါကတော့ ခရစ်ယာန်တစ်ယောက်အနေနဲ့ ဒီလိုပဲ သွန်သင်ခံရပါတယ်.. )

တဖန် ကျွန်ုပ်က -

"ယေဟိုးဝါသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ သုံးပါးသောကာလတို့ကို သိပါလျက်နှင့် အဘယ့်ကြောင့် ငရဲဘုံကို ဖန်ဆင်းခဲ့ပါသနည်း" ဟု မေးမြန်းပါသည်။

ထိုအခါ ရေဟူဒီဆရာတော်များက -

"ယုတ်မာညစ်ညမ်းသူတို့ကို အပြစ်ဒဏ်ပေးရန် ငရဲဘုံကို ဖန်ဆင်းခဲ့သည်" ဟု ပြန်ဖြေ၏။

(အပေါ်မှာပြောခဲ့ပြီးသလိုပါပဲ ... ဒီလိုမဟုတ်မကမေးခွန်းကို ခရစ်တော်ကတော့ မေးမှာမဟုတ်တာသေချာတယ်.. ဆရာတော်နဲ့ ၀စ်လဆင်တို့က ခရစ်ယာန်တွေကို မေးချင်နေတဲ့ မေးခွန်းမို့သာ ဒီလို လုပ်ကြံထည့်သွင်းတယ်လို့ ထင်မြင်ယူဆမိလို့.. ကျွန်မပဲ ကိုယ်သိမှတ်သလောက် ဖြေပေးပါမယ.်..

ဘုရားက ဖန်ဆင်းပေးခဲ့တာ.. လူနဲ့ သူနေထိုင်ရမယ့် ကမ္ဘာစကြာဝဠာကြီး.. ဘယ်လိုနေထိုင်ရမယ်.. ဘယ်လိုစားရမယ်.. ဘာကတော့ကောင်းတယ်.. ဘာကတော့မကောင်းဘူး.. စသဖြင့်လူတစ်ယောက်ကောင်းမွန်စွာ၊ လူပီသစွာနေထိုင်ဖို့ အရာရာဖန်ဆင်းပေးထားပြီးသားပါ.. လူတွေကို ဖန်ဆင်းခဲ့တာ အဲဒီလူရဲ့လွတ်လပ်တဲ့ရွေးချယ်မှု၊ သူ့ကိုယ်ပိုင်ဦးနှောက်နဲ့ သူ့ဘ၀သူဖန်တီးနိုင်ဖို့ လွတ်လပ်မှုနဲ့ ကောင်းစွာအသုံးမချရင် ထိုက်တန်တဲ့နာကျင်ခံစားမှုပြစ်ဒဏ်တွေကို တွဲပေးပြီး လူအဖြစ်ဖန်ဆင်းခဲ့တာဖြစ်လို့... လူရယ်လို့ဖြစ်လာရင်တော့.. ဘုရားက ဦးနှောက်နဲ့နှလုံးသားပဲပေးထားမယ်.. ကောင်းကောင်းအသုံးမချရင် ကိုယ်ပဲခံစားရမယ်.. ဒါဟာ ငရဲကို ဖန်ဆင်းပေးတာမဟုတ်ဘူး.. လူတွေကို လူတွေလို နေစေချင်လို့ လွတ်လပ်ခွင့်နဲ့တကွ၊ အကျိုးအပြစ်ကိုလည်း ခံစားခွင့်ပေးခဲ့တယ်.. ကိုယ်ဒုက္ခရောက်တိုင်း ဘုရားက ဖန်ဆင်းလို့ ဆိုပြီး အပြစ်မတင်ပါနဲ့.. သူကလမ်းမှားမရောက်အောင် အနားမှာ အမြဲတမ်း တည့်မတ်ပေးနေတဲ့သူပါ.. ကိုယ်ကနားထောင်ဖို့ပဲလိုတာပါ.. အဲဒါဟာ ဆင်ခြင်နိုင်တဲ့ဥာဏ်လို့ခေါ်သလို (သန့်ရှင်းသောဝိဥာဏ်တော်)လို့လည်း ခေါ်ကြပါတယ်.. ဒုက္ခတွေကနေ လွတ်မြောက်အောင်မဆုတ်မနစ်ကြိုးစားမယ်ဆိုရင် အသီးအပွင့်တွေက တသီတတန်းကြီး ပြန်လိုက်လာမှာပါ.. လောကကြီးက ငရဲမဟုတ်တော့ဘဲ နေပျော်သွားမှာပါ.. ..)

ထိုနောက်တဖန် -

"ယေဟိုးဝါသည် သူ၏ဖန်ဆင်းမှုဆိုင်ရာ အနာဂတ်ကာလ၏သဘောကို သိမြင်ပါလျက်နှင့် အဘယ့်ကြောင့် ယုတ်မာ ညစ်ညမ်းသူတို့ကို ဖန်ဆင်းရပါသနည်း" ဟု ကျွန်ုပ်က ထပ်၍မေးလိုက်ပြန်သည်။ ထိုအခါ အားလုံးသော ရေဟူဒီဘုန်း တော်ကြီးများသည် မည်သို့မျှ မဖြေနိုင်ကြတော့ဘဲ ကျွန်ုပ်အား သူတို့အားလုံး၏ ဂိုဏ်းချုပ်အဖြစ် ရွေးကောက် တင်မြှောက်ကြ၏ ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်၏ မြင့်မြတ်သည့် ရာထူးအရှိန်ကို အသုံးပြုလျက် နှင်တံတချောင်းကို ယူကာ ဘုရားတန်ဆောင်းထဲ၌ သူတို့လုယက်တိုက်ခိုက်၍ရသော ပစ္စည်းတို့ကို ရောင်းချနေကြသူများအား နှင်တံနှင့် ရိုက်ပြီး -

"ဤနေရာကား ယေဟိုးဝါ ဘုရားတန်ဆောင်းဖြစ်သည်။ အသင်တို့အတွက် ဈေးရောင်းစရာ နေရာမဟုတ်" ဟုဆိုကာ နှင်ထုတ်ပစ်လိုက်၏။ ယေဟိုးဝါ၏တရားကား ရှက်ဖွယ်ဖြစ်နေကြောင်း၊ အခြေအမြစ်မရှိကြောင်းကို သိမြင်လာသော ကျွန်ုပ်သည် အလွန်မြင့် မြတ်သည့် ဂုဏ်ထူး၊ နေရာထူးတို့ကို ရနေသည့်တိုင်အောင် ဤမဟုတ်မမှန်သောစကားကိုရွံရှာမုန်းတီး၍ 'အမှန်တရား' ကို မတွေ့တွေ့အောင်ရှာကြံမည်ဟု သန္နိဋ္ဌာန်ချလိုက်၏။

ဒီနေရာမှာတော့ သိပ်ကို လွဲမှာသွားခဲ့ပါပြီ.. ခရစ်တော်က အဲဒီလို ဗိမာန်တော်ထဲမှာ ဈေးရောင်းတာကို ဒေါသတကြီးနှင်ထုတ်ခဲ့တာ.. ၁၂နှစ်အရွယ်မှာမဟုတ်ပါဘူး.. သူ့အသက် ၃၀ ပြည့်ပြီးလို့ တရားဒေသနာစတင်ဟောကြားတဲ့အချိန်ကျမှ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ပါ.... ခရစ်တော်ရဲ့ အသက် ၁၂နှစ်က ဖြစ်ရပ်နဲ့ ၃၀က ဖြစ်ရပ်နှစ်ခုကို အဓိပါယ်မရှိစွာ ပေါင်းစပ်ထားလို့ အချက်အလက်တွေက သိပ်ကို လွဲမှားနေပါတယ်.. ရှင်လုကာ ၂း ၄၁ - ၅၂ ကို ဒုတိယပို့စ်မှာ အကျယ်ဖော်ပြခဲ့ပြီးပါပြိ.. ခရစ်တော် အသက်၁၂နှစ်အရွယ် ဗိမာန်တော်မှာ ကျမ်းတတ်ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးနေခဲ့တဲ့အကြောင်း၊ နောက်ပြီး ကျမ်းစာထဲမှာ ဖော်ပြတာက ``သူ၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ပညာကို၎င်း၊ သူ၏စကားအဖြေကို၎င်း အံ့သြကြ၏။´´ လို့ ပဲ ပြောထားပါတယ်.. ဒါကို ကြည့်ခြင်းအားဖြင့် ခရစ်တော်က မေးခွန်းသာ မေးပြီး အဖြေမရခဲ့လို့ စိတ်ပျက်ပြီး ဘုရားသခင်ရဲ့ ဆုံးမမှုတွေဟာ အခြေအမြစ်မရှိဘူးလို့ လုံးဝ မပြောခဲ့တဲ့အပြင် သူကိုယ်တိုင် ပညာသားပါပါအဖြေတွေ ပေးခဲ့တယ်.ဆိုတာ ကွက်ကွက်ကွင်းကွင်းကြီးတွေ့ရမှာပါ... အရင်ပို့စ်တွေမှာ ဖော်ပြခဲ့ပြီးသလို သူကိုယ်တိုင်ဟာ အမှန်တရားဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာတို့ရဲ့ အယူဝါဒနဲ့ ယှဉ်ပြီး အမှန်တရားသွားရှာဖို့မယ်ဆိုပြီး ဇာတ်လမ်းဆင်ခြင်းသာဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်...

ခရစ်တော် တရားဒေသနာဟောခဲ့တဲ့ သုံးနှစ်ပတ်လုံး တရားဇရပ်ထဲမှာ ကျမ်းစာဖတ်တာ.. ဂျူးလူမျိုးတို့ကိုးကွယ်တဲ့ ဘုရားရဲ့နှုတ်ကပတ်တော်ဓမ္မဟောင်းကျမ်းစာပါ.. ရောက်လေရာအရပ်မှာ ကျမ်းစာရဲ့ အနက်အဓိပါယ်တွေကို ပုံဥပမာတွေနဲ့ ရှင်းပြခဲ့ပါတယ်.. ခရစ်တော်ရဲ့ အဖြစ်အပျက်တွေအားလုံးဟာလည်း အဲဒီကျမ်းစာကို ပြီးပြည့်စုံစေတယ်ဆိုတာ.. ကျမ်းဟောချက်နဲ့တကွ အဖြစ်အပျက်တွေကလည်း တစ်ထပ်ထဲကျခဲ့ပါတယ်.. ဓမ္မဟောင်းကျမ်းကို သူမပယ်ခဲ့ပါဘူး... မပြည့်စုံတာတွေကိုသာ ဖြည့်ပေးခဲ့တာပါ)

နောက်ဆုံးပိုင်းကျန်ပါသေးသည်...